၄ မတ်

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ တိုကျိုအိုလံပစ်အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်သည်။

 

ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စုသုံးခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စု(က) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် မြန်မာ၊ အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှား၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ ဂျော်ဒန်၊ ဟောင်ကောင်၊ ဥဇဘက်ကစ္စတန်၊ အုပ်စု (ဂ) တွင် တရုတ် တိုင်ပေ၊အိရန်၊ ဖိလစ်ပိုင်၊ ပါလက်စတိုင်းအသင်းတို့ ပါဝင်နေကာ အုပ်စုပွဲများကို ဧပြီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် ဧပြီ ၃ ရက်တွင် နီပေါအသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး ဧပြီ ၆ ရက်တွင် အင်ဒိုနီးရှားအသင်း၊ ဧပြီ ၉ ရက်တွင် အိန္ဒိယအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲများကို တစ်နေ့လျှင် နှစ်ပွဲနူန်းဖြင့် ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးပွဲကို တစ်ချိန်တည်းကစားရမည်ဖြစ်သောကြောင့် မန္တလာသီရိနှင့် ဗထူးကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ယခုနောက်ပိုင်းတွင် အိန္ဒိယ၊ နီပေါအသင်းတို့နှင့် ဆက်တိုက်တွေ့ဆုံနေပြီး အိုလံပစ် ပထမအဆင့်ခြေစစ်ပွဲတွင် တွေ့ဆုံခဲ့သလို ဖေဖော်ဝါရီလက ကျင်းပသည့် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲတွင်လည်း တွေ့ဆုံခဲ့ကာဒုတိယအဆင့်တွင် တိုက်တိုက်ဆိုင်ဆိုင် ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီသာ တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်မည်ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် အမှားလုပ်လို့မရဘဲ ပထမနေရာရရန် ကြိုးပမ်းရမည်ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ခြေစစ်ပွဲစတင်ရန် တစ်လနီးပါး လိုအပ်နေသောကြောင့် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာအသင်းသည် ပထမအဆင့်ခြေစစ်ပွဲကိုလည်း ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကို အနိုင်၊ နီပေါနှင့် သရေကျကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်ရောက် လာခြင်းဖြစ်သည်။ 

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်