၂၇ ဇန်နဝါရီ
အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ဒုတိယခြေစမ်းပွဲကို ဇန်နဝါရီ ၂၈ ရက် ညနေ ၄ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။
ယင်းနှစ်သင်းသည် လာမည့်ရက်ပိုင်းအတွင်း စတင်မည့် အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲအတွက် အပြီးသတ်ပြင်ဆင်ရန် ခြေစမ်းပွဲများကစားခြင်းဖြစ်ပြီး လေးရက်အတွင်း ခြေစမ်းပွဲနှစ်ပွဲ ကစားခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် ထိုင်းအသင်းသည် ပထမခြေစမ်းပွဲအဖြစ် ဇန်နဝါရီ ၂၅ ရက်က ယှဉ်ပြိုင်ကစားရာ ထိုင်းအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ယင်းပွဲတွင် ပထမပိုင်း၌ ကစားပုံမကောင်းခဲ့သော်လည်း ဒုတိယပိုင်းတွင် ပုံစံကောင်းပြသကာ ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲမတိုင်မီ နည်းပြသစ် ခန့်အပ်နိုင်ခြင်းမရှိသောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် ယခင်က အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးတင်မြင့်အောင်ကို ယာယီနည်းပြချုပ်အဖြစ် တာဝန်ပေးထားသည်။ မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲအတွက် ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ယခုကစားမည့် ထိုင်းလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်မည်ဖြစ်သည်။
ယခု ကျင်းပမည့် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ခြေစမ်းပွဲဒုတိယပွဲကိုလည်း ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်ထားသည်။
သတင်း-ညီမြတ်သော်တာ