မြန်မာအမျိုးသမီးဘောလုံးအသင်း ဆီးဂိမ်း ဆီမီးဖိုင်နယ်တက်ရောက်

 

ရန်ကုန် မေ ၁၅

 

(၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးနေ့ ပြိုင်ပွဲကို မေ ၁၅ ရက်က ဗီယက်နမ်နိုင်ငံ ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲရယူပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

 

မြန်မာအမျိုးသမီး အသင်းသည် စင်ကာပူအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် စင်ကာပူအသင်းကို ယခုထက် ဂိုးပိုမို သွင်းယူနိုင်သင့်သော်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် သွင်းယူသည့် တစ်ဂိုးဖြင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် တစ်ဂိုးအသာဖြင့် အနိုင်ရသဖြင့် ထိုင်းကို ဂိုးကွာခြားချက် အသာမရဘဲ အုပ်စုဒုတိယဖြင့်သာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်သည် ပွဲထွက်လူစာရင်းတွင် ခင်မာလာထွန်း၊ ဝင်းသိင်္ဂီထွန်း၊ အေးအေးမိုး၊ ချစ်ချစ်၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ သင်းသင်းယု၊ နော်ထက်ထက်ဝေ၊ ဂျူလိုင်ကျော်တို့ကို ဆက်လက် အသုံးပြုကာ ဇူးလတ်နဒီ (ဂိုး) နှင့် ပုံ့ပုံ့ပြည့်မောင်တို့ကို ပွဲထွက်လူစာရင်းတွင် ပထမဆုံး အသုံးပြုခဲ့သည်။ မြန်မာ အသင်းသည် ပွဲစတကည်းက ခြေအသာဖြင့် ကစားနိုင်သော်လည်း အဆုံးသတ် အားနည်းခြင်း၊ စင်ကာပူအသင်း၏ ခံစစ်ကစားပုံကို မကျော်နိုင်ခြင်းတို့ကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။ ပထမပိုင်းတွင် မြန်မာအသင်း ဂိုးရနိုင်သည့် အခွင့်အရေး သုံးကြိမ်ရခဲ့သော်လည်း ဝင်းသိင်္ဂီထွန်းနှင့် ခင်မာလာထွန်းတို့ အသုံးချနိုင်ခြင်း မရှိခဲ့ပေ။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ကစားသမားများ အပြောင်းအလဲ ပြုလုပ်ကာ တိုက်စစ်မြှင့်ခဲ့သော်လည်း ဂိုးရရန် ရုန်းကန်နေရပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုမှသာ အနိုင်ဂိုးရခဲ့ခြင်းဖြစ်သည်။ ယင်းဂိုးကို တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ၉၀+၄ မိနစ်တွင် သွင်းယူခဲ့ခြင်း ဖြစ်သည်။

 

အုပ်စု (ခ) ပွဲစဉ်များ ပြီးဆုံး သွားပြီဖြစ်ရာ ထိုင်းနှင့် မြန်မာ အသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ခုနစ်မှတ်စီရခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် ထိုင်းအသင်း က အုပ်စုပထမ၊ မြန်မာအသင်းက အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ကာ သုံးမှတ်ရသည့် စင်ကာပူအသင်းနှင့် အမှတ်မရခဲ့သည့် လာအိုအသင်းတို့မှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ဆီမီးဖိုင်နယ် ပွဲစဉ်များကို မေ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းမှာ အိမ်ရှင်ဗီယက်နမ်အသင်းနှင့် တွေ့ဆုံနေပြီး ထိုင်းအသင်းမှာမူ ဖိလစ်ပိုင်အသင်းနှင့် ကစားရမည် ဖြစ်သည်။

 

ရဲရင့်လွင်