ရန်ကုန် ဇူလိုင် ၈
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)ကို ဇူလိုင် ၆ ရက်မှ ၈ ရက်အထိ ကျင်းပရာ အား/ကာသိပ္ပံ (ISPE) အသင်း လေးပွဲဆက်အနိုင်ဖြင့် ဦးဆောင် နေသည်။
ပွဲစဉ်(၄)တွင် အား/ကာသိပ္ပံအသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ရှမ်းယူနိုက်တက်အသင်းက Young Lionesses အသင်းကို လေးဂိုးပြတ်၊ မြဝတီအသင်းက ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ သစ္စာအားမာန်အသင်းက ရန်ကုန်စီးတီးအသင်းကို လေးဂိုး - ဂိုးမရှိ၊ ဧရာဝတီအသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ယခုရာသီတွင် ခြေစွမ်းပြနေသည့် အား/ကာသိပ္ပံအသင်းသည် ချန်ပီယံဆုအတွက် အပြိုင် ဖြစ်လာနိုင်သည့်အသင်းများအနက် ဧရာဝတီအသင်းကို ပွဲစဉ် ၃၊ ရန်ကုန်ယူနိုက်တက်အသင်းကို ယခုတစ်ပတ် ပွဲစဉ် ၄ တွင် အနိုင်ကစားခဲ့ခြင်းဖြစ်သည်။ အား/ကာသိပ္ပံနှင့် ရန်ကုန်ယူနိုက်တက်ပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay player of the Match) ကို လင်းမြင့်မိုရ် (အား/ကာသိပ္ပံ)၊ ရှမ်းယူနိုက်တက်နှင့် Young Lionesses ပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay player of the Match) ကို အိုဂါလီ (ရှမ်းယူနိုက်တက်)၊ ရတနာပုံနှင့် မြဝတီပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay player of the Match) ကို မြနှင်းဝေ (မြဝတီ)၊ သစ္စာအားမာန်နှင့် ရန်ကုန်စီးတီးပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay player of the Match) ကို မြတ်နိုးခင်(သစ္စာအားမာန်)၊ ဇွဲကပင်ယူနိုက်တက်နှင့် ဧရာဝတီပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay player of the Match)ကို နန်းခိုင်ဇင်မြင့် (ဧရာဝတီ) တို့က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းစီရရှိသည်။
ပွဲစဉ် ၄ အပြီးတွင် အား/ကာသိပ္ပံအသင်းက လေးပွဲစလုံးအနိုင်ရရှိကာ ရမှတ် ၁၂ မှတ်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဧရာဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းက ကိုးမှတ်စီ၊ ရှမ်းယူနိုက်တက်အသင်းက ခုနစ်မှတ်၊ ရတနာပုံအသင်းနှင့် Young Lionesses အသင်းတို့က ခြောက်မှတ်စီ၊ သစ္စာအားမာန်အသင်းက လေးမှတ်၊ မြဝတီအသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့က သုံးမှတ်စီရရှိထားကာ ရန်ကုန်စီးတီးအသင်းမှာမူ လေးပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။
သတင်း - ကိုစံ၊ ဓာတ်ပုံ - YUFC


