နေပြည်တော် ဇူလိုင် ၅
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)ကို ဇူလိုင် ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သုံးပွဲဆက်အနိုင်ရပြီး ထိပ်ဆုံးတွင်အပြိုင်ဖြစ်နေသည့် အား/ကာ သိပ္ပံ(ISPE)နှင့် ရန်ကုန်ယူနိုက်တက်အသင်း ထိပ်တိုက်တွေ့ဆုံနေသည်။
ပွဲစဉ်(၄)အဖြစ် ဇူလိုင် ၆ ရက် (ယနေ့)တွင် ပဒုမ္မာကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်း၊ YUSC ကွင်း ၌ ရှမ်းယူနိုက်တက်အသင်းနှင့် Young Lionesses အသင်း၊ ဇူလိုင် ၇ ရက်တွင် ပဒုမ္မာကွင်း၌ ရတနာပုံအသင်းနှင့် မြဝတီအသင်း၊ ဇူလိုင် ၈ ရက်တွင် YUSC ကွင်း၌ သစ္စာ အားမာန်အသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင် ယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပွဲစဉ်(၃)အပြီးတွင် အား/ကာသိပ္ပံနှင့် ရန်ကုန်ယူနိုက်တက်အသင်း ကိုးမှတ်စီ တူညီနေသော်လည်း အား/ကာသိပ္ပံအသင်းက ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေသည်။ ယင်းနှစ်သင်းနောက်တွင် ရတနာပုံအသင်း၊ Young Lionesses အသင်းနှင့် ဧရာဝတီအသင်းတို့က ခြောက်မှတ်စီ၊ ရှမ်းယူနိုက်တက်အသင်းက လေးမှတ်၊ ဇွဲကပင်ယူနိုက်တက်အသင်းက သုံးမှတ်၊ သစ္စာအားမာန်အသင်းက တစ်မှတ်၊ မြဝတီနှင့် ရန်ကုန်စီးတီးအသင်းတို့က သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။
ထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်းသည် ပွဲစဉ် ၃ တွင် လက်ရှိချန်ပီယံ ဧရာဝတီကို အဝေးကွင်း၌ အနိုင်ကစားခဲ့သလို ယခုတစ်ပတ်တွင်လည်း သုံးပွဲဆက်အနိုင်ရထားသည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ပွဲကျပ်ထပ်မံကစားရမည်ဖြစ်သည်။ နှစ်ပွဲဆက် ဂိုးပြတ်အနိုင်ရထားသည့် ရတနာပုံအသင်းမှာလည်း ထိပ်ဆုံးနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်အရေးယူနိုင်မလား စောင့်ကြည့်ရမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MWL


