ရန်ကုန်    ဇူလိုင်    ၁၂

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့်  ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၅)ကို ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပွဲစဉ်(၅)အဖြစ် ဇူလိုင် ၁၃ ရက်တွင် YUSC ကွင်း၌ သစ္စာအားမာန်အသင်းနှင့် အား/ကာသိပ္ပံ (ISPE) အသင်း၊  ပဒုမ္မာကွင်း၌ Young Lionesses အသင်းနှင့် ရတနာပုံအသင်း၊  ဇူလိုင် ၁၄ ရက်တွင် ပဒုမ္မာကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ YUSC ကွင်း၌ ဧရာဝတီအသင်းနှင့် မြဝတီအသင်း၊ ဇူလိုင် ၁၅ ရက်တွင် YUSC ကွင်း၌ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲကျပ်များဆက်တိုက်ကစားရသော်လည်း လေးပွဲဆက်အနိုင်ရထားသည့် အား/ကာသိပ္ပံအသင်းသည် ယခုတစ်ပတ်တွင်လည်း လက်ရွေးစင်ကစားသမားအများစု ပါဝင်သည့် သစ္စာအားမာန်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။ နှစ်ပွဲဆက်အနိုင်ရထားသည့် ရှမ်းယူနိုက်တက်အသင်းသည် ဇယားအောက်ဆုံးမှ ရန်ကုန်စီးတီးအသင်းနှင့် ကစားရမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ဧရာဝတီအသင်းမှာမူ မြဝတီအသင်းနှင့် တွေ့ဆုံနေသည်။

ပွဲစဉ် ၄ အပြီးတွင် အား/ကာသိပ္ပံအသင်းက လေးပွဲစလုံးအနိုင်ရရှိကာ ရမှတ် ၁၂ မှတ်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဧရာဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းက ကိုးမှတ်စီ၊ ရှမ်းယူနိုက်တက်အသင်းက ခုနစ်မှတ်၊ ရတနာပုံအသင်းနှင့် Young Lionesses အသင်းတို့က ခြောက်မှတ်စီ၊ သစ္စာအားမာန်အသင်းက လေးမှတ်၊ မြဝတီအသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့က သုံးမှတ်စီရရှိထားကာ ရန်ကုန်စီးတီးအသင်းမှာမူ လေးပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MWL