မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုး ကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂) ပထမနေ့ကို ဇွန် ၂၂ ရက်က ကျင်းပရာ အား/ကာသိပ္ပံနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ နှစ်ပွဲဆက် အနိုင်ရရှိသည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နည်းပြအပြောင်းအလဲပြုလုပ်ထားသည့် မြဝတီအသင်း ရုန်းကန်မှုကြောင့် ရန်ကုန်ယူနိုက်တက်အသင်း ခက်ခက်ခဲခဲကစားခဲ့ရပြီး နောက်မှလိုက်ကစားခဲ့ရသလို နောက်ကျဂိုး များဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၇၃ မိနစ်တွင် သိင်္ဂီထွေးက မြဝတီအသင်းအတွက် ဂိုးစတင်သွင်းယူခဲ့သော်လည်း ၈၅ မိနစ်တွင် ဇင်မိုးပြည့်က ရန်ကုန်ယူနိုက်တက်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။
ထို့ကြောင့် လက်ကျန်မိနစ်များမှာ အကြိတ်အနယ်ရှိခဲ့ပြီး တစ်မိနစ်အကြာတွင် ရန်ကုန်ယူနိုက်တက်အသင်း အနိုင်ဂိုးရကာ စုစုကြည်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ယခုပွဲ၏ အကောင်းဆုံးကစားသမားဆု (AYA Pay Player of the Match) ကို ရန်ကုန်ယူနိုက်တက်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့သည့် ဇင်မိုးပြည့်ကရရှိပြီး နှစ်ပွဲဆက်တိုက် ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ပွဲဦးထွက် အနိုင်ရထားသည့် နှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး အား/ကာသိပ္ပံ အသင်းက နိုင်ပွဲဆက်ကာ နှစ်ပွဲဆက် နိုင်ပွဲရယူခဲ့သည်။ ပွဲအစလေးမိနစ်မှာပင် အား/ကာသိပ္ပံ အသင်းက ရွှေရည်ထွန်း သွင်းယူသည့်ဂိုးဖြင့် အဖွင့်ဂိုးရရှိခဲ့ပြီး ကျန်အနိုင်ဂိုးများကို ၇၆ မိနစ်တွင် မီမီဇင်၊ ၈၉ မိနစ်တွင် မိုးပွင့်ဖြူတို့က သွင်းယူခဲ့သည်။ ယခုပွဲ၏ အကောင်းဆုံးကစားသမားဆု (AYA Pay Player of the Match) ကို အား/ကာသိပ္ပံကွင်းလယ်ကစားသမား မီမီဇင်က ရရှိသည်။
ပွဲစဉ်(၂) ဒုတိယနေ့ကို ဇွန် ၂၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် ရတနာပုံအသင်း၊ ပုသိမ်မြို့ ကိုးသိန်းကွင်း၌ ဧရာဝတီအသင်းနှင့် Young Lionesses အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MWL


