ရန်ကုန် ဇွန် ၂၃
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၂) ဒုတိယနေ့ကို ဇွန် ၂၃ ရက်က ကျင်းပရာ လက်ရှိချန်ပီယံ ဧရာဝတီအသင်းနိုင်ပွဲဆက်ပြီး ရတနာပုံအသင်း ပထမဆုံး နိုင်ပွဲရရှိခဲ့သည်။
ပုသိမ်မြို့ ကိုးသိန်းကွင်း၌ကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံ ဧရာဝတီအသင်းက Young Lionesses အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ဧရာဝတီအသင်းသည် အိမ်ကွင်း ပထမဆုံးပွဲအဖြစ် ကိုးသိန်းကွင်း၌ လက်ခံကစားခြင်းဖြစ်ပြီး ပရိသတ်အများအပြား လာရောက်အားပေး နိုင်သလို နိုင်ပွဲလည်းရယူနိုင်ခဲ့သည်။ စန်းသော်သော်၊ နော်ထက်ထက်ဝေ၊ ပြည်ပကစားသမားများဖြင့် လူစုံလာသည့် ဧရာဝတီအသင်းသည် နှစ်ပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးများကို ၃၇ မိနစ်တွင် အူဘေး၊ ၄၀၊ ၇၆ မိနစ်တွင် စန်းသော်သော်တို့က သွင်းယူသည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု(AYA Pay Player of the Match) ဆုကို ဧရာဝတီအသင်းမှ စန်းသော်သော်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
သုဝဏ္ဏကွင်း၌ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ရန်ကုန်စီးတီးအသင်းကို ခြောက်ဂိုးပြတ် အနိုင်ရရှိသည်။ အဖွင့်ပွဲတွင် အရေးနိမ့်ထားသည့်နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး ရတနာပုံအသင်းက နိုင်ပွဲစတင်ရယူနိုင်ခဲ့သည်။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးများကို ဝါရင့်တိုက်စစ်မှူး ဝင်းသီင်္ဂီထွန်းက ၁၆၊ ၅၃၊ ၉၀ မိနစ်တွင် ဟက်ထရစ်၊ ၁၇၊ ၅၁ မိနစ်တွင် မာရီယာ၊ ၈၄ မိနစ် တွင် ပင်မြင့်ယံတို့က သွင်းယူသည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay Player of the Match)ဆုကို ရတနာပုံအသင်းတိုက်စစ်မှူး ဝင်းသီင်္ဂီထွန်းကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးကျပ် ငါးသိန်း ရရှိသည်။
ပွဲစဉ်(၂) နောက်ဆုံးနေ့ကို ဇွန် ၂၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီခွဲတွင် ပဒုမ္မာကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - AYWDFC


