ရန်ကုန် ဇူလိုင် ၂၀
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုး ကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲ ပွဲစဉ်(၆) ပထမနေ့ကို ဇူလိုင် ၂၀ ရက်က ကျင်းပရာ လက်ရှိချန်ပီယံ ဧရာဝတီအသင်းနှင့် မြဝတီအသင်းတို့ အမှတ်ပြည့် ရယူခဲ့သည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ နည်းပြသစ် ဂျပန်နိုင်ငံသူ ကူမီကိုလက်ထက် ပထမဆုံးပွဲတွင် ဧရာဝတီအသင်း အမှတ်ပြည့်ရယူနိုင်ခဲ့ပြီး ဒုတိယနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
ဒဏ်ရာရကစားသမားများပြားနေသည့် ဧရာဝတီအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ရပြီး ရုန်းကန်ခဲ့ရသော်လည်း နောက်ကျဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ရမှတ်တူ ဧရာဝတီနှင့်တွေ့ဆုံရာတွင် အိမ်ကွင်း၌ အရေးနိမ့်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယနေရာရယူနိုင်မည့်အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးကို ၈၂ မိနစ်တွင် ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်ရီတူက သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay player of the Match) ကို ဧရာဝတီနောက်ခံလူ ဖြူဖွေးက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် မြဝတီအသင်းက ရန်ကုန်စီးတီးအသင်းကို သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြဝတီအသင်းသည် ပထမပိုင်းသွင်းဂိုးများဖြင့် ယခုရာသီ ဒုတိယမြောက်နိုင်ပွဲရယူနိုင်ခဲ့ပြီး ရန်ကုန်စီးတီးအသင်းမှာမူ ခြောက်ပွဲဆက်တိုက် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။ မြဝတီအသင်းအတွက် အနိုင်ဂိုးများကို ၅၊ ၁၄ မိနစ်တွင် ပုံ့ပုံ့ပြည့်မောင်၊ ၂၂ မိနစ်တွင် မြနှင်းဝေက သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay player of the Match) ကို ပုံ့ပုံ့ပြည့်မောင်(မြဝတီ)က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
ပွဲစဉ်(၆) ဒုတိယနေ့ကို ဇူလိုင် ၂၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ အား/ကာ သိပ္ပံအသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MWL


