ရန်ကုန်    စက်တင်ဘာ    ၁၆

၂၀၂၅-၂၀၂၆ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၇) ပထမနေ့ကို စက်တင်ဘာ ၁၆  ရက်က   ပဒုမ္မာကွင်း၌ကျင်းပရာ  လက်ရှိချန်ပီယံ   အား/ကာသိပ္ပံအသင်းက ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

လက်ရှိချန်ပီယံ အား/ကာသိပ္ပံအသင်းသည် လေးလဝန်းကျင်ပြိုင်ပွဲ ရပ်နားပြီး  ပြန်လည်ကျင်းပချိန်တွင် နိုင်ပွဲဆက်နေပြီး ချန်ပီယံဆုကာကွယ်နိုင်ရန် ဇယားထိပ်ပိုင်းမှအသင်းများကို ဖိအားပေးနိုင်ခဲ့သည်။ ယခုရာသီတွင် ခြေစွမ်းပိုင်းတိုးတက်လာသည့် ရှမ်းယူနိုက်တက်အသင်းသည် အား/ကာ သိပ္ပံအသင်းကို အကောင်းဆုံးတုံ့ပြန်နိုင်သော်လည်း ဒုတိယပိုင်းတွင် ပေးလိုက်ရသည့် တစ်ဂိုးတည်းဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး အပြန်အလှန်တိုက်စစ်ဆင်ကစားနိုင်ခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး  ဂိုးသွင်းယူနိုင်ခြင်းမရှိသော်လည်း ၅၁ မိနစ်တွင် အား/ကာ သိပ္ပံအသင်းက အနိုင်ဂိုးရခဲ့ပြီး ရွှေရည်ထွန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်(၇) ဒုတိယနေ့ကို စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး YREO အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MWL