နေပြည်တော် ၁၀ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို “အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေး အားလုံးကူညီစောင့်ရှောက်ပေး”ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်ဆောင်းပါးများကို အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးများအကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးတို့နှင့် စပ်လျဉ်းသည့် အကြောင်းအရာများဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့်အညီရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
(က) ပြိုင်ပွဲတွင် မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
( ခ ) ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 ဆိုဒ် စာမျက်နှာအနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာအထိ ရေးသားယှဉ်ပြိုင်ရမည် ဖြစ်သည်။
( ဂ ) ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသောခေါင်းစဉ်အောက်မှ မိမိကြိုက်နှစ်သက်ရာ ပုံစံဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
(ဃ) ကွန်ပျူတာစာလုံး Myanmar Unicode (Pyidaungsu Font) စာလုံး အရွယ်အစား-၁၄ (Font Size 14)၊စာကြောင်းအကွာအဝေး ၁.၅ (Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မပတ်လည် (Margins 1” ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရမည်ဖြစ်ပါသည်။
( င ) ဆုရွေးချယ်ခံရခြင်းမရှိသော ဆောင်းပါးများအား ပြန်လည်ပေးပို့မည်မဟုတ်ပါ။
(စ) ပြိုင်ပွဲဝင် ဆောင်းပါးအားပြိုင်ပွဲကျင်းပသည့်ဌာနအနေဖြင့် အများပြည်သူအကျိုး ငှာပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုမှတ်တမ်းများ၌ အသုံးပြုခြင်းကိုပြိုင်ပွဲဝင်သူမှ သဘောတူခွင့်ပြုရပါမည်။
ပြိုင်ပွဲဝင်ဆောင်းပါးများကိုပညာရှင်များပါဝင်သောဆုများစိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့်ပွင့် လင်းမြင်သာမှုရှိစွာစိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု (၂) ဆု စုစုပေါင်း (၅) ဆု ချီးမြှင့်မည်ဖြစ်ပြီး ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ဆောင်းပါးများကို(Hard/Soft-copy) တစ်စုံစီ၊ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ဝန်ခံကတိပြုချက်၊ ပြိုင်ပွဲဝင်သူ၏အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ ၃ ပုံ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့် အတူလူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၂၃၊ နေပြည်တော်၊(တယ်လီဖုန်းအမှတ်၊ ဝ၆၇-၄၀၄၂၅၀၊ဝ၆၇-၄၀၄၂၅၁၊ အီးမေးလ်[email protected]သို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၀ ရက်(ကြာသပတေးနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါသည်။ (သတ်မှတ်ရက်ကျော်လွန်ပြီးစည်းကမ်း ချက်များနှင့် မပြည့်စုံသောဆောင်းပါးများအားထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)
ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် နေပြည်တော်၊ MICC-2 ၌ ကျင်းပပြုလုပ်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်ပြီး အထူးဆုရရှိသူများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ လူမှုဝန်ထမ်းရုံးများမှတစ်ဆင့် ဆုချီးမြှင့်သွားမည် ဖြစ်ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန