နေပြည်တော် ၁ ဇူလိုင်
၁၉၉၆ ခုနှစ် ဇူလိုင် ၃ ရက်တွင် မြန်မာအမျိုးသမီးများ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ယခုအစိုးရလက်ထက်တွင် အမျိုးသမီးအရေးတက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့များကို ပါဝင်ထည့်သွင်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဟူ၍ ၂၀၁၈ ခုနှစ် ဇွန် ၂၀ ရက်က ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုကဲ့သို့ ပြောင်းလဲဖွဲ့စည်းမှု၊ အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်မှုနှင့် လာမည့်ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ ကျင်းပသွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ လှုမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ဇူလိုင်လ ၃ ရက်နေ့က မြန်မာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံကတော့ ၁၉၉၅ ခုနှစ်က တရုတ်ပြည်သူသမ္မတနိုင်ငံ ဘေဂျင်းမြို့မှာ အမျိုးသမီးညီလာခံကြီးကျင်းပတယ်။ အဲဒီညီလာခံ ကျင်းပတဲ့အခါမှာ ဆောင်ရွက်ဖို့ အချက်နှစ်ချက်ပြဋ္ဌာန်းပြီး ထုတ်ပြန်ခဲ့တယ်။
နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ အမျိုးသမီးများရပ်တည်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖော်ဆောင်ပေးနိုင်တဲ့ ယန္တရားတစ်ခုဖြစ်တဲ့ အဖွဲ့အစည်းတစ်ခုရှိဖို့၊ အမျိုးသမီးများရပ်တည်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ရမယ့် လုပ်ငန်းစဉ်တွေချမှတ်ဖို့ အဲဒီနှစ်ချက်ပြဋ္ဌာန်းခဲ့တယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံကလည်း ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေအတွက် ရပ်တည်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မယ့် ဦးဆောင်တဲ့ ယန္တရားတစ်ခုကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအဖွဲ့ ဖွဲ့စည်းခဲ့တဲ့နေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ဆိုပြီး သတ်မှတ်လိုက်တယ်။
အဲဒီအဖွဲ့အစည်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဆိုပြီး ဖွဲ့စည်းလိုက်တယ်။ အခု အစိုးရသစ် လက်ထက်ရောက်တဲ့အခါမှာ ခေတ်စနစ်တွေလည်း ပြောင်းလာတယ်။ ဒီအဖွဲ့ထဲမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေကိုလည်းထပ်ပြီးတော့ ထည့်ရမယ်။ ခေတ်စနစ်တွေက ဒီအဖွဲ့အစည်းထဲမှာ အစိုးရဌာနနဲ့ ယခင်ကရှိခဲ့တဲ့ အဖွဲ့အစည်းတင်မကဘဲနဲ့ အမျိုးသမီးအရေး တက်ကြွစွာလှုပ်ရှားနေတဲ့အဖွဲ့တွေကို ထည့်ဖို့ကောင်းတယ်ဆိုတဲ့ အသစ်ဖွဲ့စည်းလိုက်တယ်။
အသစ်ဖွဲ့စည်းမှုအနေနဲ့ ၂၀၁၈ ခုနှစ် ဇွန် ၂၀ ရက်က အမည်အသစ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဆိုပြီး ပြောင်းလိုက်တယ်။ အရင်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ အခုအသစ် အဖွဲ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဆိုပြီးဖွဲ့လိုက်တယ်။
အမျိုးသမီးကော်မတီမှာ အဖွဲ့ဝင် ၂၆ ဦးပါတယ်။ ၂၆ ဦးက ဌာနဆိုင်ရာအဖွဲ့ အစည်းတွေပါတယ်။ အမျိုးသမီးအရေး တက်ကြွစွာလှုပ်ရှားတဲ့ အဖွဲ့တွေလည်းထပ်ထည့် လိုက်တာရှိတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ပါတယ်။ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းပါတယ်။ မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များ အသင်းပါတယ်။ မြန်မာနိုင်ငံအမျိုးသမီးများနဲ့ ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဆိုပြီး ပါတယ်။ ကျား/ မ တန်းတူညီမျှရေးကွန်ရက်ဆိုတာပါတယ်။ အမျိုးသမီးအဖွဲ့အစည်းများ ကွန်ယက်ဆိုတာပါတယ်။ ဒါ့ပြင်ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးအသင်းဆိုတာပါတယ်။
အခုလတ်တစ်လောမှာဆိုရင် ခုနှစ်ခုရှိပါတယ်။ အမျိုးသမီးရေးတက်ကြွစွာလှုပ်ရှားနေတဲ့အဖွဲ့ ၇ ဖွဲ့ ဖြစ်ပေါ်လာ ပါတယ်။ အဲဒီအဖွဲ့အပြင် အမျိုးသမီးအရေးတက်ကြွစွာ လှုပ်ရှားတဲ့အဖွဲ့တွေ ထပ်ပြီးတော့ ပေါ်ပေါက်လာတယ်။ တိုင်းပြည်အတွက် အမျိုးသမီးရပ်တည်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပါဝင်ချင်တယ်ဆိုရင် ထပ်ပြီးတော့ထည့်လို့ လည်းရတယ်။ လက်ရှိအဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်လို့ရတယ်။ ၂၀၁၈ ခုနှစ် ဇွန် ၂၀ ရက်နေ့ကစပြီး နာမည်အသစ်နဲ့ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဆိုပြီး ပေါ်ပေါက်လာပါတယ်။ အဲဒီ အမျိုးသမီးကော်မတီဟာ မူလက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဆိုပြီး ၁၉၉၆ ဇူလိုင် ၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအဖွဲ့ကြီး တစ်ခုဖြစ်ပါတယ်။ ဆက်လက်ပြီး ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာနိုင်ငံအမျိုးသမီးနေ့လို့ သတ်မှတ်ခဲ့သလို ယခုလည်း ဆက်လက်ပြီးတော့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် ဆက်လက်ကျင်းပနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ပါတယ်။ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် အမျိုးသမီးကော်မတီဆိုပြီး ဖွဲ့စည်းထားတယ်။ အဲဒီလို့ဖွဲ့စည်းတဲ့အခါမှာ အစိုးရနဲ့ဌာနဆိုင်ရာက လူတွေပါသလို အမျိုးသမီးအရေးတက်ကြွစွာလှုပ်ရှားနေတဲ့ အဖွဲ့တွေက ဗဟိုအဖွဲ့လိုပဲ ဆက်လက်ပြီးတော့ပါတယ်။
အမျိုးသမီးရေးရာအဖွဲ့ချုပ်ဆိုရင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်းရှိတယ်။ အမျိုးသမီးရေးရာအဖွဲ့ချုပ်က ပါဝင်တဲ့သူတွေလည်းပါတယ်။ မိခင်နဲ့ကလေးအသင်းကလည်းပါတယ်။ စွမ်းဆောင်ရှင်များအသင်းကလည်းပါတယ်။ လုပ်ငန်းစဉ်တစ်ခုက အဖွဲ့ဖွဲ့တယ်။ ဦးဆောင်အဖွဲ့ကြီးကိုဖွဲ့ပြီးတော့ တစ်နိုင်ငံလုံး အတိုင်အတာအနေနဲ့ ဆောင်ရွက်တယ်။ အခုလည်း ဒါကို အကောင်အထည်ဖော်နေတယ်။ ဒုတိယတစ်ခုက အမျိုးသမီးများ ရပ်တည်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းစဉ်တွေချမှတ်ဖို့ဆိုပြီး ဆောင်ရွက်တာရှိတယ်။
၂၀၁၃ -၂၀၂၂ ဆိုပြီး မဟာဗျူဟာချမှတ်ပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ ၂၀၂၂ ခုနှစ် အထိဆိုတော့ ၅ နှစ်ကျန်ရှိပါသေးတယ်။ ၅ နှစ်အတွင်းမှာ ဒီကိစ္စတွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ လုပ်ငန်းစဉ်မှာ ဘာတွေလုပ်မှာလည်း ဘာတွေဆောင်ရွက်မှာလဲဆိုရင် လုပ်ငန်းစဉ် ၁၂ ရပ်နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ လုပ်ငန်းစဉ် ၁၂ ရပ်နဲ့ ဆောင်ရွက်တဲ့နေရာမှာ ပထမအနေနဲ့ အမျိုးသမီးများနဲ့ အသက်မွေးဝမ်းကျောင်း၊ ဒုတိယအနေနဲ့ အမျိုးသမီးများနဲ့ပညာရေး လေ့ကျင့်သင်ကြားရေးဆိုတာပါတယ်။
ပြီးတော့ အမျိုးသမီးများနဲ့ ကျန်းမာရေး၊ အမျိုးသမီးများနဲ့ အကြမ်းဖက်မှုကိစ္စ၊ အမျိုးသမီးများနဲ့ အရေးပေါ်အခြေအနေ၊ အမျိုးသမီးများနဲ့စီးပွားရေး ၊ အမျိုးသမီးများနဲ့ ဆုံးဖြတ်ချက်ချမှတ်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများ၊ အမျိုးသမီးများနဲ့ လူအခွင့်အရေး၊ အမျိုးသမီးများနဲ့ မီဒီယာ၊ အမျိုးသမီးများနဲ့ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးငယ်ရွယ်သူများကိစ္စဆိုပြီး အားလုံး လုပ်ငန်း ၁၂ ရပ်ရှိပါတယ်။ လုပ်ငန်း ၁၂ ရပ်ကို အကောင်အထည်ဖော်ဖို့ ရှေ့လုပ်ငန်းစဉ်ကိုလည်း ချမှတ်ထားတယ်။ မဟာဗျူဟာအဖြစ် ချမှတ်ထားတယ်။
ဒါက မြန်မာနိုင်ငံ မှာဆောင်ရွက်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးများနဲ့ဆိုင်တဲ့ Convention သတ်မှတ်ချက်တွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ အကောင်အထည်ဖော်ဆောင်ရွက် နေတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ကုလသမဂ္ဂကချမှတ်ထားတဲ့ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်မှာ ပါဝင်တဲ့ကိစ္စတွေ ဒါတွေ အကုန်လုံးကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်။
နောက်ဆုံးဖွဲ့စည်းလိုက်တဲ့ ရင်ခွင်မဲ့ကလေးများ လျော့ကျရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ကလေးတွေအတွက် ဆောင်ရွက်နေတာရှိတယ်။
ပရဟိတအဖွဲ့တွေက စောင့်ရှောက်သလို ကျွန်တော်တို့ လူငယ်စုပျိုးထောင်ရေးကလည်း စောင့်ရှောက်တာရှိတယ်။ အဓိက အရေးကြီးတာကတော့ တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ လျော့ကျသွားဖို့ အရေးကြီးတယ်။ အဲဒီလို ဆောင်ရွက်တော့ တစ်ကိုယ်ရေ မိခင်ဘဝဆိုတာ ပေါ်ပေါက်လာတယ်။
တစ်ကိုယ်ရေဖြစ်နေတဲ့ မိခင်တွေကိုလည်း စောင့်ရှောက်ဖို့လိုအပ်တယ်။ စွန့်ပစ်ထားတဲ့ကလေးတွေကို ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး အပြည့်အဝရရှိဖို့ စောင့်ရှောက်ဖို့လိုတယ်။ မစွန့်ပစ်အောင် ကာကွယ်တာဆီးဖို့ လိုတယ်။
မိခင်ကလည်း ကိုယ့်ဘဝက တစ်ကိုယ်ရည်ဖြစ်နေသော်လည်း ဒီကလေးကို မစွန့်ပစ်ဖို့ ဒီအဖွဲ့အစည်းကနေ တားဆီးပြီးတော့ ဆက်လက်ရပ်တည်ပြီးတော့ ပံ့ပိုးပေးမယ်ဆိုရင် တစ်ကိုယ်ရေဘဝနဲ့ပဲ ဒီကလေးလေးကို သူရဲ့ရင်ခွင်မှာပဲ ပြုစုစောင့်ရှောက်နိုင်တဲ့ အခြေအနေရောက်အောင် ဖန်တီးပေးလို့ရတယ်။ ဒါကို ကျွန်တော်တို့ ဆောင်ရွက်နေတာရှိတယ်။ အဲဒီတော့ ရင်ခွင့်မဲ့ကလေးတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ ဆောင်ရွက်မှု အသီးသီးက အမျိုးသမီးများရပ်တည်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ အမျိုးသမီးကော်မတီတွေလည်း ဖွဲ့ထားပါတယ်။ အဖွဲ့များစွာပါဝင်ပြီးတော့ ဆောင်ရွက်နေပါတယ်။ အမျိုးသမီးရေးလှုပ်ရှားမှု လုပ်ငန်းစဉ်တွေလည်း ရှိနေပြီ။ ဆောင်ရွက်မှုတိုင်းမှာ လိုအပ်မှုက ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒတွေ လိုအပ်ပါတယ်။ အဓိကအရေးကြီးတဲ့ အမျိုးသမီးများအကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကို ရေးသားတယ်။ လွှတ်တော်ကို ပို့ဖို့အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို တင်ပြထားပြီးဖြစ်ပါတယ်။
အဲဒီကတစ်ဆင့် လွှတ်တော်ကိုရောက်ရှိပြီး အတည်ပြုမှာဖြစ်ပါတယ်။ ဒါက အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ကလေးသူငယ်ရဲ့ အသက်ကို ၁၆ နှစ်မှ ၁၈ နှစ်အထိ တိုးမြှင့်ခဲ့တဲ့အတွက်ကြောင့် ကလေးသူငယ်ဆိုတာ ၁၈ နှစ်အောက်ဆိုတာ ဖြစ်သွားတယ်။
အခု အဖြစ်များနေတဲ့ သက်ငယ်မုဒိမ်းကိစ္စဆိုရင် ကိုင်တွယ်တဲ့နေရာမှာ ဥပဒေရှိရမယ်၊ ထိထိရောက်ရောက် အရေးယူပါလို့ ပြည်သူတွေကလည်း တောင်းဆိုနေကြပါတယ်။ ၁၈ နှစ်အထိ ကလေးသူငယ်လို့ သတ်မှတ်လိုက်တဲ့ အတွက်ကြောင့် သက်ငယ်မုဒိမ်းလို့ အမည်တပ်ခံရမယ့် အမှုတွေက ပိုများလာမယ်လို့ထင်တယ်။ ဒါတွေမဖြစ်ဖို့ အရေးကြီးတာ ပညာပေးရမှာဖြစ်ပါတယ်။ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေထဲမှာလည်း အသက်ကို ပြောင်းလဲသလို ပြစ်မှု၊ ပြစ်ဒဏ်မှာလည်း ပြင်းပြင်းထန်ထန် ပြောင်းလဲ ဆောင်ရွက်ထားတဲ့ ကိစ္စတွေရှိတယ်။
ဒီဥပဒေဟာ အထူးဥပဒေဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေတောင်းဆိုနေတဲ့ အထူးဥပဒေတစ်ရပ်အဖြစ် ထိရောက်တဲ့ အပြစ်ဒဏ်ပေးပါလို့ တောင်းဆိုကြတာတွေနဲ့ ကိုက်ညီနေပါတယ်။ ကလေးသူငယ်ဆိုင်ရာ ဥပဒေက မကြာခင်ပေါ်ပေါက်လာမယ်၊ လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီကို ရောက်ရှိနေပြီ၊ လွှတ်တော်ရဲ့ တင်ပြမှုနဲ့ ဆွေးနွေးမှု တွေအရ ပြစ်မှု၊ ပြစ်ဒဏ် အပိုင်းမှာလည်း သေသေချာချာထည့်သွင်းထားတာရှိပါတယ်။
ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဥပဒေ၊ အမျိုးသမီးများ အကြမ်းဖက်မှုဆိုင်ရာဥပဒေ ပေါ်ပေါက်လာတဲ့အခါမှာ အမျိုးသမီးများရပ်တည်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အများကြီးအကာအကွယ်ပေးနိုင်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်မှု တွေကိုပိုပြီးတော့လည်း ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။
ညွန်ကြားရေးမှူး ဒေါ်နော်သဝါး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ကျွန်မတို့အနေနဲ့ နိုင်ငံတကာမှာရော၊ မြန်မာနိုင်ငံမှာရော အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ဖို့ ကတိကဝတ်တွေရှိပါတယ်။ ကတိကဝတ်တွေထဲမှာ CEDAW လို့ခေါ်တဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်းဗင်းရှင်းမှာဆိုရင် စတုတ္ထနဲ့ပဉ္စမအကြိမ် အစီရင်ခံစာကို UN ကိုတင်ပြီးပါပြီ။
UN-CEDAW ကော်မတီကနေ ကျွန်မတို့ကို အကြံပြုချက် ၅၆ ချက်နဲ့ပြန်ပြီးတော့ ပေးပို့ထားပါတယ်။ ၅၆ ချက်ထဲမှာ အကောင်အထည်ဖော်လို့ရတဲ့ ကိစ္စရပ်တွေကို စတင်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်မတို့အနေနဲ့ အာဆီယံအမျိုးသမီးရေးရာကော်မတီမှာ ဆိုရင်လည်း အဖွဲ့ဝင် နိုင်ငံဖြစ်တာနဲ့အညီ အာဆီယံအမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ Plan of action ရေးဆွဲထားတာရှိပါတယ်။
၂၀၁၆ မှ ၂၀၂၀ အထိ ၅ နှစ်တာ စီမံကိန်းဖြစ်ပြီး ဒါတွေကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါအပြင် အာဆီယံမှာလည်းအမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးအတွက် Plan of action ရေးဆွဲထားတာရှိပါတယ်။ ဒီစီမံချက်ကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။ လာမယ့် ၅ နှစ်တာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ကျွန်မတို့ နည်းပညာအဖွဲ့တွေဖွဲ့စည်း ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ဖွဲ့စည်းတဲ့အခါမှာ နည်းပညာလုပ်ငန်းအဖွဲ့ ၄ ဖွဲ့ကိုဖွဲ့ပါတယ်။ အမျိုးသမီးငယ်များအပေါ် အကြမ်း ဖက်မှုပပျောက်ရေးဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့၊ အမျိုးသမီးငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့၊ ကျား/မ ရေးရာကို ကဏ္ဍပေါင်းစုံမှာ ထည့်သွင်း ရေးဆွဲနိုင်ဖို့အတွက် နည်းပညာလုပ်ငန်းအဖွဲ့၊ အမျိုးသမီးတွေ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ နည်းပညာ လုပ်ငန်းအဖွဲ့ဆိုပြီး နည်းပညာအဖွဲ့ ၄ ဖွဲ့နဲ့ ဖွဲ့စည်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာ နည်းပညာ လုပ်ငန်းအဖွဲ့ ၄ ဖွဲ့ကနေ ၆ လတာစီမံချက်တွေနဲ့ ၁ နှစ်တာ စီမံချက် ၅ နှစ်တာ စီမံချက်ဆိုပြီး ကာလသုံးခုပိုင်းပြီးရေးဆွဲပါတယ်။
အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အကာအကွယ်ရရှိဖို့အတွက် ဥပဒေပြုဖို့အတွက် ကျွန်မတို့ဝန်ကြီးဌာနအနေနဲ့ အမျိုးသမီးနဲ့ ပတ်သက်ပြီး ဥပဒေ နှစ်ခုရေးဆွဲလျက်ရှိပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ၊ ပြည့်တန်ဆာဆိုင်ရာ ဥပဒေဆိုပြီး ဥပဒေနှစ်ခုကို ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။ ဒါက ဥပဒေပြုရေးပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ အကုန်လုံးကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အနေနဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဝန်ကြီးဌာနပေါင်းစုံကဝိုင်းဝန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါမှအမျိုးသမီးတွေဖွံ့ဖြိုးတိုးတက်မှုက အရှိန်အဟုန်နဲ့ ရရှိမှာဖြစ်ပါတယ်။
ဇူလိုင်လ ၃ ရက်နေ့မှာဆိုရင် မြန်မာအမျိုးသမီးများနေ့ကို ကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ၁၉၉၆ ခုနှစ်ကစပြီး ပေါ်ပေါက်ခဲ့ ပါတယ်။ စတင်ပေါ်ပေါက်ခဲ့တဲ့ ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့လို့ သတ်မှတ်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးများနေ့ကို သင်္ဂဟဟိုတယ်မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီလိုကျင်းပတဲ့အခါမှာ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေကိုလည်း ပြသသွားမှာဖြစ်ပြီး၊ ဥပဒေရေးရာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ သိရှိနားလည်စေဖို့အတွက် ဆွေးနွေးပွဲတွေကိုလည်း ကျင်းပသွားမှာဖြစ်ပါတယ်။ လက်မှုပစ္စည်းတွေကိုလည်း အဲဒီပွဲမှာ ခင်းကျင်းပြသပြီး ရောင်းချသွားမှာဖြစ်ပါတယ်။
ရှင်မင်း၊ မွှေးကြူ