နေပြည်တော် ၃ ဇူလိုင် 


    
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးများ နေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (MICC-2) ၌ ကျင်းပသည်။


    
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုအား ပြသသည်။ 

 

fswef


    
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားပြီး Women of Future (SEA) ဆုရရှိသူ ရန်ကုန်တိုင်းဒေသကြီး တောင်သူပညာပေးအဖွဲ့ (Proximity Designs)မှ အထွေထွေ မန်နေဂျာ မဖြူနှင်းငြိမ်း၊ ကြက်တောင် အားကစားထူးချွန်ဆုရရှိသူ ရန်ကုန်မြို့မှ မသက်ထားသူဇာကိုယ်စား ၎င်း၏ဖခင် ဦးထွန်းထွန်းဇော်၊ အလွတ်တန်းဆောင်ပါးပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း၊ ဒုတိယဆုရရှိသည့် မကွေးမြို့ သင်ကြားရေးဆေးရုံကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) ဦးအောင်စည်သူ၊  တတိယဆုရရှိသည့်  ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှ ဘွဲ့လွန်ကျောင်းသား မောင်ရဲမင်းထက်တို့အား ဂုဏ်ပြုဆုများချီးမြှင့်သည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ထူးချွန်ရဲမေဆုရရှိသူ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ပြင်ဦးလွင်မြို့မရဲစခန်းမှ ဒု-ရဲအုပ် ဒေါ်အေးစံပယ်၊ ထူးချွန် မီးသတ်ရဲမေဆုရရှိသူ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယဦးစီးမှူး ဒေါ်လွင်လွင်သူ၊ ထူးချွန်ကြက်ခြေနီဆုရရှိသူ မွန်ပြည်နယ် တပ်ဖွဲ့ခွဲမှူး ဒေါ်သီသီမွန်၊ မသန်စွမ်းထူးချွန်ဆုရရှိသူ မကွေးမြို့၊ အရှေ့သီရိရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)မှ စေတနာ့ဝန်ထမ်းဆရာမ ဒေါ်အိအိညိမ်းတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။ 

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးအောင်က မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အခြေခံပညာ အထက်တန်းကျောင်း(၆)မှ မထက်ဆုပန်၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်၊ မုဒုံမြို့ အခြေခံပညာ အထက်တန်းကျောင်း(၁)မှ မအေးမြတ်နိုးသူ၊ တတိယဆုရရှိသူ ကရင်ပြည်နယ်၊ ဘားအံမြို့ အခြေခံပညာအထက်တန်းကျောင်း (၄)မှ မချောသန္တာမိုးမြင့်တို့အား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်းက ၂၀၁၉-၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝိဇ္ဇာတွဲ အမှတ်အများဆုံးရရှိသူ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် တောင်တက်ရိုး အခြေခံပညာအထက်တန်းကျောင်းမှ မသဇင်ဝင်း၊ သိပ္ပံတွဲတွင် ဒုတိယအမှတ် အများဆုံးရရှိသူ မန္တလေးတိုင်းဒေသကြီး CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ မဟန်နီထွန်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်က သိပ္ပံတွဲတွင် ဒုတိယအမှတ်အများဆုံးရရှိသူ မန္တလေးတိုင်းဒေသကြီး CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ မယမုံသွင်တို့အား ဂုဏ်ပြုဆုများချီးမြှင့်သည်။


    
ထို့နောက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့(၄)ဖွဲ့မှ တာဝန်ရှိသူများကစကားဝိုင်း ဆွေးနွေးခြင်း အစီအစဉ်တွင် “အမျိုးသမီးများနှင့် ရာသီဥတုပြောင်းလဲမှု” ခေါင်းစဉ်ဖြင့်ဦးဆောင် ဆွေးနွေးသူအဖြစ် အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ Facilitator အဖြစ် AICS မှ National Coordinator ဒေါ်ချိုချိုရီ၊ ပါဝင်ဆွေးနွေးသူများအဖြစ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးသွယ်၊ သစ်တောဦးစီးဌာနမှ သုတေသနအရာရှိ ဒေါက်တာမူမူအောင်၊ သဘာဝပတ်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသူဇာဝင်း၊ ဧသုခလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမြင့်တင်(ခ)ဦးအောင်မြင့်တို့က လည်းကောင်း။
    


“အမျိုးသမီးနှင့်မီဒီယာ”ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ ကျားမရေးရာ တန်းတူညီမျှရေး ကွန်ယက် ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူ၊ Facilitator အဖြစ် ဒေါ်စုစုမာ၊ ပါဝင်ဆွေးနွေးသူများအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိလ္လာစိုး၊ UNESCOမှ Project Officer ဒေါ်နိုင်နိုင်အေး၊ ရုပ်ရှင်ဒါရိုက်တာ ဒေါ်ခရစ္စတီးနားခီ၊ Myanmar Women Journalists Society မှ ဒေါ်ထက်ထက် တို့ကလည်းကောင်း။

 

“၂၀၁၉ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဆွေးနွေးမည့်ခေါင်းစဉ်များ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များရေးဆွဲခြင်း” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ Facilitator အဖြစ် UN Women မှ ဒေါ်သင်းသင်းအောင်၊ ပါဝင်ဆွေးနွေးသူများအဖြစ် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကြည်ချယ်ရီ၊ WON မှ ဒေါ်သူဇာတင်၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ဒေါ်လှိုင်ယဉ်နွယ်တို့ကလည်းကောင်း။

 

“သက်ဆိုင်ရာကဏ္ဍများတွင် ကျား မ ရေးရာ ထည့်သွင်းဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်း၊ Facilitator အဖြစ် AICS မှ National Coordinator ဒေါ်နော်အေးအေးလှိုင်၊ ပါဝင်ဆွေးနွေးသူများအဖြစ် ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ယုံ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းလွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နယ်လီစန်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်နွယ်နီအုန်း၊ ကျား မ ရေးရာတန်းတူညီမျှ ရေးကွန်ရက်မှ ပူးတွဲသဘာပတိ ဒေါ်နွယ်ဇင်ဝင်းတို့ကလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ်အဖြစ် တေးသံရှင်အဆိုတော် ပိုးမီက "မြန်မာအမျိုး သမီးများနေ့"သီချင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအား ကစားအဖွဲ့ချုပ်မှ ဝူရှုးအားကစားသရုပ်ပြအက၊ အမျိုးသမီး အဖွဲ့များကွန်ရက်မှ “မရှိတာထက်မသိ တာခက်” ပြဇာတ်၊  ကျား မ ရေးရာတန်း တူညီမျှရေးကွန်ရက်မှ "မြန်မာအမျိုးသမီးများနေ့သံချပ်"၊ သမီးလေးမသီရိဖြူစင်မှ "အမေစုပါနော်" သီချင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ “အားလုံးရဲ့အိမ်” ပြဇာတ်တို့ဖြင့် ဖျော်ဖြေဧည့်ခံခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသမီးများနေ့အခမ်းအနား အောင်မြင်အောင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသူများအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်