မောင်မုဒိတာ
ကမ္ဘာ့နိုင်ငံအသီးသီးသည် ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်မြောက်ခဲ့သည့် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ကမ္ဘာ့လူဦးရေနေ့သည် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူဦးရေနှင့်ပတ်သက်သည့် ပြဿနာများကို အရေးတကြီး ဖြေရှင်းနိုင်ရေးနှင့် နိုင်ငံဘက်စုံဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အစီအစဉ်များကို လူသားအားလုံး အလေးဂရုပြု အာရုံစိုက်မိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
နှစ်စဉ် အဆိုပါနေ့ရက်ရောက်ရှိတိုင်း ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပခဲ့ကြပြီး မြန်မာနိုင်ငံသည်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေနေ့ကို ၁၉၉၀ ပြည့် နှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခု ၂၀၂၆ ခုနှစ် ဆိုလျှင် (၃၇) ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်သည်။
ကမ္ဘာ့လူဦးရေနေ့အဖြစ် နှစ်စဉ်ကျင်းပသည့်အခမ်းအနားများကိုလည်း နိုင်ငံအလိုက် လက်ရှိ ကြုံတွေ့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုအခက်အခဲ၊ ဖြစ်ပွားသည့် ပြဿနာအကြောင်းအရာများအပေါ် အခြေခံ၍ ဖြေရှင်းဆောင်ရွက်နိုင်မည့်၊ ဖြေရှင်းဆောင်ရွက်သင့်သည့် နည်းပေးလမ်းပြ အချက် အလက်များကို ထင်ရှားပေါ်လွင်အောင် မီးမောင်းထိုးပြလိုသည့် အချက်များကို ဆောင်ပုဒ်များအဖြစ် သတ်မှတ်ဖော်ပြ ဆောင်ရွက်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပြီး ဖွံ့ဖြိုး တိုးတက်သည့်အနာဂတ်ကို ပုံဖော်တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေကို လမ်းကြောင်းဖော်၊ မီးမောင်းထိုး ပြသသည့်အနေဖြင့် “လူဦးရေအချက်အလက်များကို အခြေခံလို့၊ ဖွံ့ဖြိုးတိုးတက်သော မြန်မာ့အနာဂတ်ကို တည်ဆောက်စို့” ဟူသည့် ဆောင်ပုဒ်ကို ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်အဖြစ် ဖော်ထုတ်သတ်မှတ်ထားသည်။
ယခုဆောင်ပုဒ်သည် နိုင်ငံတစ်ဝန်း ပြည်သူအားလုံးပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ကောက်ယူဆောင်ရွက်နိုင်ခဲ့သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းမှ ဖော်ထုတ်ရရှိသည့် မြန်မာနိုင်ငံ၏ လူဦးရေအခြေအနေ၊ လူနေမှုဘဝဆိုင်ရာ အချက်အလက်များကို အခြေခံဖော်ထုတ်အသုံးပြုကာ နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို မှန်မှန်ကန်ကန်၊ ထိထိရောက်ရောက် ရေးဆွဲချမှတ်ဆောင်ရွက်နိုင်ဖို့ တွန်းအားပေးနှိုးဆော် အသိပေးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သန်းခေါင်စာရင်းဆိုင်ရာ လူဦးရေအချက်အလက် များသည် မြန်မာ့အနာဂတ်အတွက် မရှိမဖြစ် အဓိကကျ အရေးပါလှကြောင်း ထင်ထင်ရှားရှား အလင်းပြပေးလိုက်ခြင်းပင်။
သန်းခေါင်စာရင်း အချက်အလက်များသည် နိုင်ငံတစ်နိုင်ငံ၏ လက်ရှိအခြေအနေနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အဓိက အခြေခံအသုံးပြုရ သည့် ကိန်းဂဏန်းအချက်အလက်များဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ရသည့် လုပ်ငန်းပမာဏကြီးမားမှု၊ ငွေကြေးအကုန်အကျ များပြားမှုများကြားကပင် ၁၀ နှစ်လျှင်တစ်ကြိမ် ကောက်ယူကြသည်။
အဓိကမှာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အခြေခံအသုံးပြုမည့် လူဦးရေ၊ ကိန်းဂဏန်းအချက်အလက်များ မှန်မှန်ကန်ကန် ရရှိရေးအတွက်ဖြစ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအနည်းစုပင် ငါးနှစ်လျှင်တစ်ကြိမ် မဖြစ်မနေကောက်ယူကြသည်။ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်၊ ၂၀၂၄ ခုနှစ် တို့တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ခဲ့သည်။ ယင်းကဲ့သို့ ကောက်ယူနိုင်ခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံ၏လူဦးရေ ပြောင်းလဲမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို နှစ်အလိုက် ချိန်ထိုးဆန်းစစ် လေ့လာသုံးသပ်မှုများ စဉ်ဆက် မပြတ်လုပ်ဆောင်နိုင်ခဲ့ပြီး ယင်းအချက်အလက်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိ အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့လူဦးရေသည် ၁၉၈၇ ခုနှစ်တွင် သန်းငါး ထောင်ပြည့်မြောက်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင် လူဦးရေ သန်းရှစ်ထောင်ကျော်ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂနှင့် ကမ္ဘာ့လူဦးရေဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ နိုင်ငံ အသီးသီးရှိ အစိုးရအဖွဲ့အစည်းအသီးသီးက ၎င်းတို့ နိုင်ငံ၏ အရွယ်အစား၊ နေထိုင်သည့်လူဦးရေ၊ ဒေသအလိုက် လူဦးရေအစိတ်အကျဲ၊ ထွက်ရှိသည့် သယံ ဇာတအရင်းအမြစ် စသည်တို့အပေါ် သုံးသပ်ကာ နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် နိုင်ငံတော်လုံခြုံရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ထိရောက်သောစီမံချက်များဖြင့် ရေးဆွဲပုံဖော်ကြသည်။ ယင်းစီမံချက်များ တိကျ မှန်ကန်စွာရေးဆွဲချမှတ်နိုင်ဖို့က မှန်ကန်သည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို မဖြစ်မနေ အုတ်မြစ်အဖြစ် အခြေခံအသုံးပြုဆောင် ရွက်ကြရသည်သာ ဖြစ်သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၁) (MICC-I) ၌ ကျင်းပခဲ့ရာတွင် ယခင်နိုင်ငံတော် ယာယီသမ္မတ၊ ယခု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းမြွက်ကြားရာမှာ “ယုံကြည် အားထားရတဲ့ အချက်အလက်မရှိတဲ့နိုင်ငံဟာ သံလိုက်အိမ်မြှောင်မပါဘဲ သင်္ဘောကို ထိန်းကျောင်း မောင်းနှင်နေတဲ့ ကပ္ပတိန်နဲ့ အလားသဏ္ဌာန်တူနေ တယ်လို့ဆိုပါတယ်။ သန်းခေါင်စာရင်းက ကျွန်တော် တို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်းကို ပြသနေတဲ့ သံလိုက်အိမ်မြှောင်လို့ တင်စားလိုပါတယ်။ ဒါ့အပြင် သန်းခေါင်စာရင်းဆိုတာက နိုင်ငံရဲ့အုပ်ချုပ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အခြေခံအုတ်မြစ် တစ်ခုလည်း ဖြစ်ပါတယ်။ စီမံကိန်းရေးဆွဲသူတွေ၊ မူဝါဒချမှတ်သူတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ ပညာရေးမျှော်မှန်းချက်တွေ ဖော်ဆောင်ဖို့၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ မြှင့်တင်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးဖို့၊ လူမှု ကူညီဆောင်ရွက်နိုင်ရေးလုပ်ငန်းတွေ ချဲ့ထွင်ဖို့ စတဲ့ လုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ သန်းခေါင်စာရင်းအချက်အလက်တွေက များစွာ အထောက်အကူပြုပါတယ်။ ယုံကြည်အားထားရတဲ့ စာရင်းဇယားအချက်အလက်များဟာ နိုင်ငံရဲ့ အသက်သွေးကြောလို့ ဆိုနိုင်ပါတယ်” ဟု သန်းခေါင်စာရင်းအချက်အလက်များ၏ အရေးပါမှုကို ဖော်ညွှန်းကာ ထည့်သွင်းမြွက်ကြားခဲ့ပါသည်။
ယခုဆိုလျှင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိသည့်အချက်အလက်များကို အခြေခံပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရှေ့ပြေး လူဦးရေစာရင်း၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် ပင်မအစီရင်ခံစာဟုခေါ်သည့် ပြည်ထောင်စု အစီရင်ခံစာနှင့် အနှစ်ချုပ်အစီရင်ခံစာ၊ ၂၀၂၆ ခုနှစ် မေလအတွင်းမှာ နေပြည်တော်၊ ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီစသည့် တိုင်းဒေသကြီး ၄ ခု၏ အစီရင် ခံစာများကို တစ်ဆင့်ပြီးတစ်ဆင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ကျန်တိုင်းဒေသကြီး/ပြည်နယ်များ၏ အစီရင်ခံစာများကိုလည်း ဆက်လက်ထုတ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသည့် ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။ တိုင်းဒေသ ကြီး/ပြည်နယ်အလိုက် အစီရင်ခံစာများသည် ယင်းတိုင်းဒေသကြီး/ ပြည်နယ်အတွင်း ဖြစ်ပေါ် လျက်ရှိသည့် လူဦးရေနှင့် လူနေမှုဘဝနေထိုင်မှု ပုံစံများနှင့်ပတ်သက်သည့် အချက်အလက်များကို အသေးစိတ်ဖော်ပြထားသည့်အတွက် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်စေမည့် လိုအပ်ချက်များကို သက်ဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် ဖိဖိစီးစီး ထိရောက်စွာ အလေးပေး အသုံးပြုဆောင်ရွက်နိုင်ရန် အထောက်အကူပြု ပံ့ပိုးပေးလျက်ရှိနေသည်။
သန်းခေါင်စာရင်း အချက်အလက်များသည် လက်ရှိနိုင်ငံတော်အစိုးရအတွက်သာမက အနာဂတ် အစိုးရအဆက်ဆက်၊ သားစဉ်မြေးဆက် လက်ဆင့်ကမ်းအသုံးပြုကြရမည့် တန်ဖိုးရှိသည့် ကိန်းဂဏန်း အချက်အလက်များပင်ဖြစ်သည်။ ယင်းအချက်အလက်များကို နိုင်ငံတော်အစိုးရအတွက်သာမက စာရင်းအင်းဆိုင်ရာ အချက်အလက်အသုံးပြုသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက်ပါ ယုံယုံကြည် ကြည် မှီငြမ်းအားကိုး၍ ထိထိရောက်ရောက် အသုံးပြုကြရမည့်အချက်အလက်များ ဖြစ်သည်။
သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာ အချက်အလက်များအပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ မွေးဖွားမှုနှင့် သေဆုံးမှု၊ မိသားစု စုဖွဲ့မှုနှင့် ရွှေ့ပြောင်းသွားလာမှု၊ အိမ်ရာနှင့် အိမ်အသုံး အဆောင်ပစ္စည်းများအခြေအနေ စသည်တို့ပါ အသေးစိတ်ဖော်ပြသည့်အတွက် ယင်းအချက် အလက်များကိုသုံးသပ်ကာ စီးပွားရေးလုပ်ငန်းရှင် များ၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုန်သွယ်ရေး ဆိုင်ရာ ဈေးကွက်ဖော်ဆောင်မှု၊ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင် မှု စသည့်အခြေအနေအရပ်ရပ်ကို သုံးသပ်ဖော်ထုတ်ကာ နယ်မြေဒေသအလိုက် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် အကျိုးရှိရှိ ထိထိရောက်ရောက် ပုံဖော်ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။
လက်ရှိနိုင်ငံတော်အစိုးရသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်ဖြင့် ပြည်သူများ၏ ဆန္ဒမဲပေးရွေးချယ်မှု၊ ခန့်အပ်တာဝန်ပေး တင်မြှောက်မှုများဖြင့် ဖြစ်ပေါ်လာသည့် ဒီမိုကရေစီ အစိုးရဖြစ်သည်။ ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူကိုဗဟိုပြု၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်နေသည့် အစိုးရဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း ပြည်သူ့အတွက် လက်ငင်းဦးစားပေးအကျိုးရှိစေမည့် လုပ်ငန်းများကို ဝန်ကြီးဌာနအလိုက် ထိထိရောက်ရောက် ဖော်ဆောင်ပေးနေချိန်လည်း ဖြစ်ပါသည်။
ယင်းသို့ ဆောင်ရွက်နိုင်ရေးအတွက်က သန်းခေါင်စာရင်းကောက်ယူခြင်းမှ ဖော်ထုတ်ရရှိသည့် တိကျမှန်ကန်သည့် လူဦးရေကိန်းဂဏန်း အချက်အလက်များကို အခြေခံကာ လိုအပ်သည့် စီမံကိန်းများ၊ မူဝါဒများရေးဆွဲချမှတ်ဆောင်ရွက်ကြရမည်ဖြစ်သည်။အသက်အရွယ်၊ ကျား၊မ အလိုက် လူဦးရေ၊ နေထိုင်မှုအစိတ်အကျဲနှင့် နေထိုင်မှုပုံစံ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် လုပ်သားအင်အား၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုများအပေါ် ဒေသအလိုက်လက်လှမ်းမီနိုင် မှု စသည့်လူဦးရေနှင့် အိမ်အကြောင်းအရာဆိုင်ရာ အချက်အလက်အပြည့်အစုံကို တိတိကျကျပံ့ပိုးပေးနိုင်သည့်အတွက် ယင်းအချက်အလက်များကို မှန်ကန်ထိရောက်စွာ အသုံးပြုဖော်ထုတ်ကာ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံချက်များကိုအသေးစိတ်ချမှတ်ဆောင်ရွက်ကြမှသာ မှန်ကန်ပြည့်စုံသည့် စီမံကိန်းများအဖြစ် ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
မိမိတို့နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ လူဦးရေနေ့တွင် ချမှတ်ခဲ့သည့် ဆောင်ပုဒ်သည် ယင်းကာလက လတ်တလောထုတ်ပြန်ခဲ့ပြီးဖြစ် သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီရင်ခံစာပါ အချက်အလက်များကို အသုံးပြုပြီး နိုင်ငံ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရန် တိုက်တွန်းထားသည့် “လူမှုစီးပွား ဖွံ့ဖြိုးဖို့၊ သန်း ခေါင်စာရင်းအချက်အလက်များကို အသုံးပြုစို့” ဆောင်ပုဒ်ဖြစ်သည်။ ဆောင်ပုဒ်နှင့်အညီလည်း သန်းခေါင်စာရင်းအချက်အလက်များကို ဘက်စုံကဏ္ဍစုံ၌ အသုံးပြုဆောင်ရွက်လျက်ရှိနေကြသည်။
ယခု ၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ် ကတော့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း၏ ပြည်ထောင်စု အစီရင်ခံစာအပြင် လက်ရှိပြုစု ထုတ်ပြန်လျက်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် သန်းခေါင်စာရင်း အစီရင်ခံစာများတွင် ဖော်ပြထားသည့် ကိန်းဂဏန်းအချက်အလက်များ ကိုပါ အသုံးပြု၍ လူဦးရေနှင့် လူနေမှုပုံစံများကို အချိန်နှင့်တစ်ပြေးညီ ဆန်းစစ်သုံးသပ်ပြီး နယ်မြေ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သည့် စီမံကိန်းများ ရေးဆွဲချမှတ်နိုင်ရန် တိုက်တွန်းထားသည့် ဆောင်ပုဒ်ဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံး ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ ရေးဆွဲချမှတ်နိုင်ရန် တိကျ မှန်ကန်သည့် လူဦးရေပြောင်းလဲမှုနှင့် လူမှုဘဝဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို အုတ်မြစ်အဖြစ် အခြေခံအသုံးပြုကာ အနာဂတ် မြန်မာနိုင်ငံကို လှပစွာ ထုဆစ်ပုံဖော်ဖို့ တိုက်တွန်း ထားသည့် “လူဦးရေအချက်အလက်များကို အခြေခံလို့၊ ဖွံ့ဖြိုးတိုးတက်သော မြန်မာ့အနာဂတ်ကို တည်ဆောက်စို့” ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်သည် ပြောင်းလဲဖြစ်တည်နေသည့် မြန်မာ့လူဦးရေအခြေအနေများကြောင့် ကြုံတွေ့လာနိုင်မည့် စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် မည်သို့မည်ပုံပြောင်းလဲပုံဖော်ကာ မြန်မာ့အနာဂတ် လှပဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ မဟာဗျူဟာစီမံချက်များ ရေးဆွဲဆောင်ရွက်နိုင်ရေး လမ်းညွှန်ပြသအသိပေးချက်တစ်ရပ်ဖြစ်သည်။
ယင်းဆောင်ပုဒ်သည် အစိုးရတစ်ရပ်အတွက် သာမဟုတ်၊ နိုင်ငံတော်အစိုးရအပါအဝင် ဖွံ့ဖြိုး မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အချက်အလက်အသုံးပြုသူများ အားလုံးအတွက် တွန်းအားတစ်ရပ်အဖြစ် နှိုးဆော်ခြင်းဖြစ်သည်။ ဤတွန်းအားနှင့်အညီ ယုံကြည်အားထားကာ ထိထိရောက်ရောက်၊ မိမိရရ ဆုပ်ကိုင်ဆောင်ရွက်ကြ ဖို့သာလိုသည်။ ယုံကြည်အားထားရသော သန်းခေါင်စာရင်းအချက်အလက်များသည် နိုင်ငံ ၏အသက်သွေးကြောဟု တင်စားခေါ်ဆိုကြသည်။
ယင်းသို့ နိုင်ငံ၏ အသက်မွေးဝမ်းကျောင်း ဖြစ်သည့် နိုင်ငံ၏ လက်ရှိလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အခြေခံအချက်အလက်များကို လေ့လာသုံးသပ်ကာ နိုင်ငံ၏ရှေ့ခရီးတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်စေရေးအတွက် ထိထိရောက်ရောက် အသုံးပြု၍ မဟာဗျူဟာ စီမံ ချက်များရေးဆွဲချမှတ်ပြီး အေးချမ်းခေတ်မီ မြန်မာ့အနာဂတ်ဆီကို ဦးတည်ချီတက် ခရီးဆက်၍ ပုံဖော် ဖန်တီးတည်ဆောက်ကြရမည် ဖြစ်ပါကြောင်း မုဒိတာ စိတ်ထားဖြင့် နှိုးဆော်ရင်း ကမ္ဘာ့လူဦးရေနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
“လူဦးရေအချက်အလက်များကို အခြေခံလို့၊ ဖွံ့ဖြိုးတိုးတက်သော မြန်မာ့အနာဂတ်ကို တည်ဆောက် စို့”
“Building Myanmar’s Developed Future Through Population Data”


