၂၈ ဇန်နဝါရီ
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို ပြန်လှည့်ကြည့်လျှင် ဂိုဏ်းဂဏနှင့် အာဃာတကြီးမားမှုက ချန်ရစ်သည့် ဒုက္ခအပုံအပင်ကြီးကို အမွေဆိုးများအဖြစ် ထင်ထင်ရှားရှား မြင်တွေ့ရပါမည်။ သည်နေ့နိုင်ငံတွင်းမှာ ကြုံတွေ့နေရသည့် ဆင်းရဲမွဲတေမှု၊ မဖွံ့ဖြိုးမတိုးတက်မှု၊ အကျင့်စာရိတ္တလျော့ရဲပျက်စီးလာမှု၊ လူထုပညာရေး လူထုကျန်းမာရေး အဆင့်အတန်း နိမ့်ကျမှု အစရှိသည်တို့၏ အရင်းအမြစ်မှာ ညီညွတ်ရေးပျက်ယွင်းမှု၊ ဂိုဏ်းဂဏကြီးမှု၊ အာဃာတကြီးမှုတို့ကြောင့် ဖြစ်သည်ကို တွေ့ရပါမည်။
ဂျီစီဘီအေ အဖွဲ့ချုပ်ကြီးသည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ပထမဆုံးစနစ်တကျဖွဲ့စည်းပေါ်ပေါက်လာသည့် နိုင်ငံရေးအဖွဲ့ကြီး။ ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်ကို အင်္ဂလိပ်အစိုးရက တင်ပေးသပ်သျှို လိုက်သည်နှင့် ယင်းအဖွဲ့ချုပ်ကြီး ကွဲခဲ့ရသည်။ အဓိက အကြောင်းက ဂိုဏ်းဂဏကြောင့် ဖြစ်သည်။
ဂဠုန်ဦးစောတို့၏ နိုင်ငံတော် လုပ်ကြံမှုကြီးသည်လည်း ဂိုဏ်းဂဏကြောင့်ပဲဟု ဆိုရပါမည်။ မြန်မာနိုင်ငံ၏ အားအကိုးရဆုံးသော သစ္စာအရှိဆုံးသော အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည်။ မြန်မာ ပြည်သူလူထုအတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုကြီး။
လောကအမြင်၊ ဘဝဒဿန၊ ယုံကြည်မှုဆိုင်ရာ အတွေးအယူ၊ နိုင်ငံရေးအယူအဆနှင့် ဝါဒရေးရာ၊ စီးပွားရေးသဘောထားနှင့် ကိုယ်ရည်ကိုယ်သွေး စသည်တို့တွင် ငါမှငါဟူသည့် အစွဲအလမ်း ကြီးလွန်းခြင်းမှ အခြေခံကာ ဂိုဏ်းဂဏဝါဒစတင်သည်။ မိမိယုံကြည်သည်ကမှ အမှန်တရား၊ မိမိနှင့် မတူသူများကိုရန်သူဟု သဘောထားသည့် အစွန်း ရောက်လာသော အမြင်နှင့် ရှုမြင်သုံးသပ်ချက်တို့ကအစပြုကာ အုပ်စုဖွဲ့ကြသည်။
ကိုယ့်အယူအဆကိုမှ မှန်သည်ဟု ယတိပြတ်ဆုံးဖြတ်ထားပြီး မတူကွဲပြားမှုကို လက်ခံနားထောင်လိုစိတ်မရှိ၊ ဆွေးနွေးညှိနှိုင်းလိုစိတ် မရှိသည့်အခါ ခွဲခြားရေး၊ ကွဲပြားရေးကိုသာ ဦးတည်လာခြင်း ဖြစ်သည်။
သမိုင်းသင်ခန်းစာများကို အလေးတယူမပြု၊ အချက်အလက်များကို ဂရုမစိုက်၊ လက်တွေ့ရင်ဆိုင်ရမည်တို့ကို အလေးမထား၊ ပြည်သူအများစု၏အမြင်နှင့် အသံကို စဉ်းစားနားထောင်ရန် ဝန်လေးလာခြင်း ဖြစ်သည်။ ကိုယ်ပဲ ကြီးကျယ်လိုသည်။ ကိုယ့်အဖွဲ့ကပဲ ခေါင်းဆောင်ချင်သည်။ ကိုယ့်အင်အားစုများသာ ဩဇာတက်လိုသည်။ ပြည်သူအများစုက ဘာပဲ တောင်းဆိုသည်ဖြစ်စေ ကိုယ်ထင်ရာ ကိုယ်စိုင်းကြခြင်းဖြစ်သည်။
တွေ့ကြဆုံကြ ဆွေးနွေးညှိနှိုင်းကြဆိုသည့်အလုပ်မျိုးကို မယုံကြည်လို သူများဖြစ်သည်။
ယင်းသို့ ဂိုဏ်းဂဏကြီးသူများက အာဃာတလည်း ကြီးတတ်ကြသည်။ မိမိနှင့်မတူသူဆိုလျှင် ခွင့်လွှတ်လိုစိတ်မရှိသူများ။ ခွင့်လွှတ်လိုစိတ် မဆိုထားနှင့် တွေ့ဆုံဆွေးနွေးလိုစိတ်ပင် မရှိသူများ။ သည်လိုနှင့် ငါတကော အထပ်ထပ်ကောရင်း ဘယ်လောက် မတရားသည်ဖြစ်စေ ဘယ်လောက် ရက်စက်ကြမ်းကြုတ်ရာ ရောက်သည်ဖြစ်စေ ကိုယ့်အာဏာစက် ကြီးထွားလျှင် ပြီးစတမ်းလုပ်ရင်း ကိုယ့်အုပ်စုကို အင်အားတိုးပွားလာ ရေးကိုသာဂရုစိုက်တော့သည်။ မည်သူ့ကိုမှ လိုက်လျောဖို့ မစဉ်းစား။ မည်သူနှင့်မှ ညှိနှိုင်းစေ့စပ်လိုခြင်းမရှိ။
ဆွေးနွေးညှိနှိုင်းစေ့စပ်ခြင်းဆိုသည်က ဟန်ဆောင်လုပ်လို့ရသည် မဟုတ်။ အထက်ပါ သမိုင်းသင်ခန်းစာများကို အခြေခံပြီး ယနေ့နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လက်နက်ကိုင်ထားကြ သူများအားလုံးသည် မြန်မာ့အနာဂတ်ရေးအတွက် ခွင့်လွှတ်မှုစာနာ နားလည်မှု သဘောထားကြီးမှုများကို အခြေတည်၍ ညီညွတ်ရေးကို တည်ဆောက်ကြရမည်ဟု ယုံကြည်ပါသည်။
သည်လို ဂိုဏ်းဂဏမပါ အာဃာတကင်းကင်း ရင့်ကျက်သော စိတ်သဘောထားတို့ဖြင့် ညီညွတ်ရေးတည်ဆောက်ကြမှသာ စစ်မှန်သော ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ ချီတက်နိုင်ကြမည် မဟုတ်ပါလား။ ။
မြန်မာ့အလင်း