သိပ္ပံစာရေးဆရာကိုကိုအောင်

(ယခင်တစ်ပတ်မှအဆက်)

ဥပဒေ၏ ရည်ရွယ်ချက်များ
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေ၏ ရည်ရွယ်ချက်များကို လေ့လာကြည့်သည့်အခါ အချက်လေးချက်ကို အောက်ပါ အတိုင်း တွေ့ရှိရသည်။

(က)    အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား မှတ်ပုံတင် အင်ဂျင်နီယာ၊ မှတ်ပုံတင် ဘွဲ့ရနည်းပညာကျွမ်းကျင်သူနှင့် မှတ်ပုံတင် နည်းပညာကျွမ်းကျင်သူများ၏ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်နှင့် အရည်အသွေးတို့ကို ထိန်းသိမ်းမြှင့်တင်ရန်၊

(ခ)    အင်ဂျင်နီယာနည်းပညာများနှင့် သတင်းအချက်အလက် နည်းပညာများကို ပေါင်းစပ်အသုံးချလျက် နိုင်ငံတော်၏ သဘာဝ သယံဇာတနှင့် လူသားအရင်းအမြစ်များအား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြင့် အကျိုးရှိစွာ အသုံးချနိုင်မည့် နည်းလမ်းကောင်းများ၊ သုတေသနနှင့် ဖွံ့ ဖြိုးတိုးတက်မှု လုပ်ငန်းများကို ရှာဖွေဖော်ထုတ်ရန်၊

(ဂ)    အင်ဂျင်နီယာပညာနှင့် နည်းပညာသင်ကြားမှု၊ သုတေသနပြုမှု၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် သတ်မှတ်ထားသော ပညာရပ်ဆိုင်ရာ စံချိန်စံညွှန်းပြည့်မီရန်၊ နည်းစနစ်မှန်ကန်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရန်၊ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်း စောင့်စည်းရန်နှင့် တာဝန်ကျေပွန်ရန် စသည့် လိုအပ်ချက်များ ပြည့်စုံရန်နှင့် စည်းကမ်းစနစ်ကျစေရန်အတွက် လမ်းညွှန်ကြီးကြပ် ထိန်းသိမ်းပေးမှုများကို လည်းကောင်း၊ လိုအပ်သော အရေးယူမှုများကိုလည်းကောင်း ဆောင်ရွက်ရန်၊

(ဃ)    အင်ဂျင်နီယာလုပ်ငန်းနှင့် သက်ဆိုင်သည့်ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အဖွဲ့အစည်းများက အခါအားလျော်စွာ ပေးအပ်သော အင်ဂျင်နီယာပညာဆိုင်ရာနှင့် နည်းပညာဆိုင်ရာ တိုင်းကျိုးပြည်ပြု လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် တို့ပင် ဖြစ်သည်။

လုပ်ငန်းကော်မတီရှစ်ရပ်
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အောက်ဖော်ပြပါ လုပ်ငန်းကော်မတီရှစ်ရပ်ကို ဖွဲ့စည်း၍ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။

(က)    မှတ်ပုံတင်လက်မှတ်စိစစ်ရေး လုပ်ငန်းကော်မတီ (Assessment Committee)
(ခ)    အင်ဂျင်နီယာ အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ (Accreditation Committee)
(ဂ)    ကျင့်ဝတ်သိက္ခာထိန်းသိမ်းရေး လုပ်ငန်းကော်မတီ (Ethics Committee) 
(ဃ)    စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ (Disciplinary Committee)
(င)    စံချိန်စံညွှန်းများ၊ လုပ်ငန်းအခြေခံ စံနှုန်းများနှင့် အင်ဂျင်နီယာဆိုင်ရာ ကျင့်ထုံးများပြုစုရေး လုပ်ငန်းကော်မတီ (Standards and Specifications Committee)
(စ)    အင်ဂျင်နီယာပညာ စဉ်ဆက်မပြတ်သင်ကြားရေး လုပ်ငန်းကော်မတီ
(Continuing Porfessional Development Committee)
(ဆ)    အင်ဂျင်နီယာပညာဆိုင်ရာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအား စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ (Companies and Organizations Commit-tee)    
(ဇ)    အပြည်ပြည်ဆိုင်ရာနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်း ကော်မတီ
(National and International Rela-tions Committee)

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ဆောင်ပုဒ်မှာ ‘အများပြည်သူ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးသည်သာ အခရာ’ (To hold paramount the safety, health and welfare of the public) ဟူ၍ ဖြစ်သည်။

မျှော်မှန်းချက်နှင့် လုပ်ဆောင်ချက်များ
ယခုအခါ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ပထမအကြိမ် သက်တမ်းကုန်ဆုံးပြီး ဒုတိယအကြိမ်သက်တမ်း ထက်ဝက်ခန့်သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ သက်တမ်းကာလများအတွင်း မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၏ မျှော်မှန်းချက်များဖြစ်သော မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများ၏ အဆင့် အတန်းကို အာဆီယံအဆင့်မှ အာရှပစိဖိတ်အဆင့်သို့၊ ထိုမှတစ်ဆင့် အန္တိမပန်းတိုင်အဖြစ် နိုင်ငံတကာ အင်ဂျင်နီယာ လုပ်ငန်း မဟာမိတ်အဖွဲ့ (International Engineering Alliance) ၏ အဖွဲ့ဝင်အဆင့်သို့ မြှင့်တင်နိုင်ရေး ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အင်ဂျင်နီယာပညာရေးတွင် Federa-tion of Engineering Institution of Asia & the Pacific(FEIAP)က တိုင်းကျိုးပြည်ပြုအဆင့် (Nation Building) သတ်မှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် အင်ဂျင်နီယာပညာ မြှင့်တင်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များအရ-

ယူကေအင်ဂျင်နီယာကောင်စီ (UK Engineering Council)၊
အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာအကယ်ဒမီ (ASEAN Academy of Engineering & Technology- AAET)၊
စင်ကာပူ အင်ဂျင်နီယာပညာရှင်ဘုတ်အဖွဲ့ (Professional Engineers Board, Singapore)၊
မလေးရှား အင်ဂျင်နီယာအသင်း (Institution of En-gineer, Malaysia)၊
မလေးရှား အင်ဂျင်နီယာဘုတ်အဖွဲ့ (Board of Engine-ers, Malaysia)၊
ပါကစ္စတန် အင်ဂျင်နီယာကောင်စီ (Pakistan Enginee-ring Council)၊
ဖိလစ်ပိုင် နည်းပညာဆိုင်ရာကောင်စီ (Philippine Tech- nological Council)၊
ဩစတြေးလျ အင်ဂျင်နီယာများအဖွဲ့ (Engineers, Aus-tralia)၊
တရုတ်(တိုင်ပေ) အင်ဂျင်နီယာပညာရေးဆိုင်ရာ အဖွဲ့အစည်း (Institute of Engineering Education, Taiwan-IEET)၊
တရုတ်အင်ဂျင်နီယာအသင်း (China Institute of En-gineers)၊
တရုတ် သိပ္ပံနှင့် နည်းပညာအသင်း (China Association for Science & Technology)၊
ကွမ်ရှီးသိပ္ပံနှင့် နည်းပညာအသင်း (Guangxi Association for Science & Technology-GAST)၊
နိုင်ငံတကာအင်ဂျင်နီယာလုပ်ငန်း မဟာမိတ်အဖွဲ့ (Interna-tional Engineering Alliance) စသော နိုင်ငံတကာမှ အဖွဲ့အစည်း အသင်းအပင်းများနှင့် ဆက်သွယ်၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

အင်ဂျင်နီယာပညာရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ အင်ဂျင်နီယာပညာရှင် (Professional Engineer)များ အတွက် Washington Accord၊ ဘွဲ့ရ နည်းပညာကျွမ်းကျင်သူ (Engineering Technologist) များအတွက် Sydney Accord  နှင့် နည်းပညာရှင် (Engineering Technician) များအတွက် Dublin Accord များ ကမ္ဘာတစ်ဝန်း၌ ပေါ်ထွန်းလာခဲ့ပြီးဖြစ်သည်။ တစ်ဖက်တွင်လည်း အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ဘွဲ့နှင့် ဒီပလိုမာသင်တန်းများ ပြီးဆုံးချိန်၌ တတ်မြောက်ရမည့် အရည်အချင်း (Graduate Attributes) ၁၂ ချက်ကို နိုင်ငံတကာ အင်ဂျင်နီယာလုပ်ငန်း မဟာမိတ်အဖွဲ့ (I.E.A) က ထုတ်ပြန် သတ်မှတ်ထားသည်။ ဤသည်တို့ကို အကြောင်းပြု၍ ဘွဲ့လွန်ကာလတွင် လုပ်ငန်းခွင်အသီးသီး၌ ဝင်ရောက် လုပ်ကိုင်နေကြသော အင်ဂျင်နီယာပညာရှင်၊ နည်းပညာရှင်နှင့် နည်းပညာ ကျွမ်းကျင်သူများအတွက် အရည်အချင်း သတ်မှတ်ချက် (Professional Competencies Agreements) များ ပေါ်ထွက်လာခဲ့သည်။   International Professional Engineers Agreement ၊ International Enginee-ring Technologists Agreement နှင့် Agreement for International Engineering Technicians တို့မှ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ အရည်အချင်း သတ်မှတ်ချက် ၁၂ ချက်စီ အသီးသီး ပေါ်ထွက်လာခဲ့သည်။

မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးစနစ်တွင် ၂၀၁၃ ခုနှစ်မတိုင်မီကအထိ အင်ဂျင်နီယာဘွဲ့သင်တန်း၊ ဒီပလိုမာ သင်တန်းများသာ ရှိခဲ့ပြီး အင်ဂျင်နီယာဘွဲ့ရပြီးနောက် ဆက်လက်လေ့လာရမည့် အထောက်အကူပြုစနစ်၊ အင်ဂျင်နီယာ ပညာရပ်နှင့်ဆက်စပ်သည့် Professional Development သင်တန်းများ မရှိခဲ့ပေ။ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေ ပေါ်ထွက်လာပြီးနောက် အင်ဂျင်နီယာများ၏ အရည်အသွေး တိုးတက်မြင့်မား ရေးနှင့် ဘွဲ့ရအင်ဂျင်နီယာများ၏ အရည်အသွေးကို နိုင်ငံတကာ အဆင့်မီစေရန်အတွက် ဆောင်ရွက်ခဲ့ရာ လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်သို့ ရောက်ရှိလာသည့် ဘွဲ့ရအင်ဂျင်နီယာများအနေဖြင့် Professional Competency Assessment ရှိလာစေရန် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက ဆောင် ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။

နည်းပညာတက္ကသိုလ်များအတွက်လည်း အရည်အသွေး စိစစ် အသိအမှတ်ပြုမှုဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲကာ ရန်ကုန်နည်းပညာတက္ကသိုလ်အား အင်ဂျင်နီယာပညာ အရည်အသွေးစိစစ်မှု စတင်ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ ထိုကဲ့သို့ Engineering Assess- ment & Accreditation  လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားပြုလျက် အမျိုးသားအဆင့်ဖြင့် ဆောင်ရွက်နေခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် 2017 International Engineering Alliance (IEA) Meeting သို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။

Washington Accord လျှောက်ထားခြင်း
အဆိုပါ အစည်းအဝေးက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုကာ  Washington Accord သို့ Provisional Signatory Status စတင်လျှောက်ထားရန်အတွက် ဖိတ်ခေါ်မှုပြုခဲ့ကြောင်းလည်း သိရှိရသည်။ ပုံမှန်အားဖြင့် Provisional Signatory Status  စတင်လျှောက်ထားသည့် အချိန်မှစ၍ နှစ်နှစ်ကြာမြင့်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၏ ကြိုတင် ဆောင်ရွက်ထားမှုအချို့မှာ ပြည့်စုံပြီး ဖြစ်သည့်အတွက် တစ်နှစ်တာအတွင်းမှာပင်  Status  ရရှိနိုင် သည့်နည်းလမ်းဖြင့် လျှောက်ထားရန် ဖိတ်ခေါ်ခံခဲ့ရခြင်း ဖြစ်သည်။ ဤသို့ဖြင့် ၂၀၁၈ ဇွန်လက လန်ဒန်၌ကျင်းပခဲ့သော IEA Meeting  တွင် လျှောက်ထားခဲ့ရာ ယခုအခါ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီသည် Washington Accord တွင် Provisional Signatory  ရရှိခဲ့ပြီဖြစ်သည်။

Provisional Signatory Status ရရှိပြီးပါက Full Signatory ဖြစ်ရန်အတွက် နှစ်နှစ်မှ လေးနှစ်အထိ ကြာမြင့်မည်ဖြစ်ကာ အစောဆုံးအားဖြင့် ၂၀၂၀ တွင်လည်းကောင်း၊ နောက်အကျဆုံးအားဖြင့် ၂၀၂၂ ခုနှစ်တွင်လည်းကောင်း ရရှိနိုင်မည် ဖြစ်သည်။

အကယ်၍ ၂၀၂၀ ပြည့်နှစ်တွင် Full Signatroy  ရရှိလျှင် အဆိုပါနှစ်တွင် ဘွဲ့ရရှိကြမည့် မြန်မာအင်ဂျင်နီယာများ အနေဖြင့် အစောဆုံးအားဖြင့် ၂၀၂၇ ခုနှစ်တွင် IPEA (Inter- national Professional Engineers Agreement) ၏ အသိအမှတ်ပြုခြင်းကို ခံကြရနိုင်ပြီး Professional En-gineer(PE) ရရှိထားပြီးသော မြန်မာအင်ဂျင်နီယာ ပညာရှင်တို့ကမူ ထိုအသီးအပွင့်ကို ချက်ချင်းလက်ငင်း ခံစားကြရလိမ့်မည်ဖြစ်သည်။ အကြောင်းမှာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက လက်ရှိ ချမှတ်လမ်းဖွင့်ပေးထားသော Path Way  အရ ဘွဲ့ရအင်ဂျင်နီယာ တစ်ဦးအဖို့ PE လက်မှတ်ရရှိရန် အနည်းဆုံး ခုနစ်နှစ် ကြာမြင့်မည်ဖြစ်သောကြောင့်ပင်။ ဤနေရာတွင် နိုင်ငံတကာ သတ်မှတ်ချက်များနှင့် နှိုင်းယှဉ်ပါက မြန်မာအင်ဂျင်နီယာတို့၏ B.E to PE Path Way က အချိန်ကာလ ပိုမိုတိုတောင်းနေသည်ကို သတိပြုသင့်ကြသည်။

Washington Accord တင်းပြည့်အဖွဲ့ဝင်ဖြစ်ရန်
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာအင်ဂျင်နီယာလောကကို ကိုယ်စားပြုလျကွှ Washington Accord တွင် တင်းပြည့်အဖွဲ့ဝင်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှု အောင်မြင်ပါက မြန်မာ အင်ဂျင်နီယာ ပညာရှင်များ (Professional Engineers) အနေဖြင့် အာဆီယံဒေသတွင်းအဆင့်မှ ကမ္ဘာ့အဆင့်သို့ တိုးမြှင့်အသိအမှတ်ပြု ခံကြရမည်ဖြစ်သည်။ ထိုကဲ့သို့ အသိအမှတ်ပြုခြင်း ခံကြရပါက မြန်မာအင်ဂျင်နီယာ ပညာရှင်များအဖို့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးသို့ သွားရောက်၍ အင်ဂျင်နီယာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြရာတွင် အဆင့်အတန်း ခွဲခြားဆက်ဆံခံကြရခြင်းမှ ကင်းလွတ်ကာ သက်ဆိုင်ရာ နိုင်ငံများရှိ Professional Engineer များနှင့် တန်းတူရည်တူ အဆင့်သတ်မှတ်ခံကြရမည် ဖြစ်သည်။

တင်းပြည့်အဖွဲ့ဝင် (Full Signatory) ရရှိနိုင်ရေး ကြိုးပမ်းရာတွင် အခြားနိုင်ငံများနည်းတူ ပုံမှန်အတိုင်း လုပ်ကိုင်ဆောင်ရွက် သွားမည်ဆိုပါက ၂၀၂၂ ခုနှစ်ကျမှသာ ရရှိနိုင်မည်ဖြစ်ရာ Full Signatory ရရှိရေးအတွက် ဖြစ်နိုင်သမျှသော နည်းလမ်းများကို အသုံးချကာ မြန်နှုန်းမြင့်ဖြင့် ဆောင်ရွက်သင့်ကြပေသည်။ အကြောင်းမှာ နိုင်ငံတကာ မျက်နှာစာတွင် အဘက်ဘက်က နောက်ကျကျန်နေခဲ့သော မြန်မာနိုင်ငံ၏ နိုင်ငံသားများအဖို့ နယ်ပယ်ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့မှ နိုင်ငံသားများထက် ခြေလှမ်းများ ပို၍စိပ်စိပ်လှမ်းရန် လိုအပ်ပြီး ခြေလှမ်းတိုင်းကလည်း လျင်မြန်သွက်လက် ကြဖို့ အထူးပင် လိုအပ်လျက်ရှိနေသောကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့်ပင် မြန်မာ့အင်ဂျင်နီယာလောကတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အတိုတောင်းဆုံးသော အချိန်ကာလအတွင်း၌ Washington Accord တွင် Full Signatory  ရရှိနိုင်ရေးကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက လုံ့လဥဿဟ စိုက်ထုတ်ကာ မြန်နှုန်းမြင့်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်း တိုက်တွန်း လိုက်ရပေသည်။    ။