ကနောင်

မျက်မှောက်ခေတ် နိုင်ငံတကာမျက်နှာစာတွေမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး စတဲ့ ခေါင်းစဉ်တွေနဲ့ စွပ်စွဲမှုအမျိုးမျိုးအသုံးပြုလို့ နိုင်ငံနဲ့လူမျိုးပုံရိပ်တွေကို ဆိုးရွား အောင် ပုံဖော်ကြတာ၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေမှာ ဝင်ရောက်စွက်ဖက်ခြယ်လှယ်ဖို့ အားထုတ်နေကြတာတွေကို စိတ်ပျက်ဖွယ် မြင်တွေ့နေရပါတယ်။

အထူးသဖြင့် ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှရဲ့ အရေးပါတဲ့နေရာမှာ တည်ရှိနေတဲ့ မိမိတို့နိုင်ငံကို အကြောင်းရှာ ပုတ်ခတ်မှုတွေက တစ်နေ့တစ်မျိုး မရိုးရ အောင် မြင်တွေ့နေရပါတယ်။ ကာကွယ်ရေးအင်အားစုတွေဖြစ်တဲ့ တပ်မတော်နဲ့ ပြည်သူ လူထုတွေ၊ တိုင်းရင်းသားလူမျိုးစုတွေအကြား အမုန်းတရားတွေ ဖြစ်ပေါ်စေဖို့၊ ရန်မီးပွား သည်ထက်ပွားအောင်၊ တည်ငြိမ်မှုပျက်ပြားသည်ထက် ပျက်ပြားအောင်၊ ဖွံ့ဖြိုးမှုနောက်ကျသည်ထက် နောက်ကျအောင်ပုံဖော် ကြိုးပမ်းနေကြတာက အထင်အရှားပါပဲ။

မမှန်ကန်တဲ့စွပ်စွဲချက်တွေ

ဒီဇင်ဘာ ၉ ရက်နေ့မှာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ NUG က အွန်လိုင်းကနေ ရုပ်သံတစ်ခုကို လွှင့်တင်ထားပါတယ်။ တီမောလက်စ်တေနိုင်ငံ သမ္မတဂျိုဆေးရာ မို့စ်ဟောတာ ပြောကြားထားတဲ့ ရုပ်သံဖိုင်တစ်ခုဖြစ်ပြီး သူကမြန်မာနိုင်ငံနဲ့ပတ်သက်လို့ တိုက်ရိုက်ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်ပြောကြားထားတာကို အဆိုပါ ရုပ်သံဖိုင်အတွင်း တွေ့ရှိခဲ့ရပါတယ်။

အရှေ့တီမောသမ္မတက သူ့ရဲ့ ရုပ်သံဖိုင်မှာ မြန်မာ့တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို ဖိနှိပ်နေတယ်၊ အပြစ်မဲ့တဲ့ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ ဘဏ်ဝန်ထမ်းတွေနဲ့ လယ်သမားတွေကို သတ်ဖြတ်နေတယ်လို့  စွပ်စွဲပုတ်ခတ်ထားတာကို မြင်တွေ့ရတဲ့အခါ နိုင်ငံဦး ဆောင်နေရတဲ့ သမ္မတတစ်ဦးအနေနဲ့ အခြားနိုင်ငံတစ်နိုင်ငံအကြောင်း တိတိပပစေ့ငုခြင်းမရှိ အခုလို ဝေဖန်ပုတ်ခတ်နိုင်တာကို  နိုင်ငံသားတစ်ဦးအနေနဲ့ အတော်လေး အံ့အားသင့်မိပါတယ်။

မိမိတို့နိုင်ငံမှာ အကြမ်းဖက်အဖွဲ့အစည်း CRPH, NUG တို့ရဲ့ မြှောက်ပင့်ပေးမှုနဲ့ အကြမ်းဖက် PDF အဖွဲ့တွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးရတာ၊ ဝန်ထမ်းတွေ CDM မလုပ်တဲ့အခါ ရက်ရက်စက်စက် သတ်ဖြတ်ခံရတာ၊ ဆရာဝန်တွေကို ဆေးမကုနိုင်အောင်တားဆီးတာ၊ ကျောင်းသားတွေ စာသင်ကျောင်းတွေဆီ မသွားရဲအောင် တားဆီးခြိမ်းခြောက်တာ၊ အပြစ်မဲ့ ပြည်သူတွေကို ဒလန်လို့ စွပ်စွဲညှင်းပန်း သတ်ဖြတ်တာ၊အများပြည်သူ သွားလာနေတဲ့ လမ်းတွေ၊ တံတားတွေ ဖျက်ဆီးခံရတာ၊ ယုတ်စွအဆုံး နိုင်ငံတစ်ဝန်းက သံဃာတော်တွေ၊ ပညာသင်ကြားပေးနေကြတဲ့ ဆရာ၊ ဆရာမတွေကို လူမဆန်သတ်ဖြတ်တာ၊ ဖမ်းဆီး ခေါ်ဆောင်တာတွေ အားလုံးအသိ ပဲဖြစ်ပါတယ်။ အဲဒီလို PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အကာအကွယ် ပေးနေတဲ့ပြည်သူ့ဝန်ထမ်း တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရှေ့တီမော သမ္မတက ပြောင်းပြန် စွပ်စွဲပုတ်ခတ်ထားတာပါ။

သူ့အနေနဲ့ မြန်မာနိုင်ငံရေးကို အရှေ့တောင်အာရှ နိုင်ငံတွေအတွင်းမှာ အတွင်း ကျကျ သိရှိထားပြီးသူတစ်ဦးအဖြစ် ကိုယ်ရည်သွေး ပြောဆိုထားပေမယ့် မိမိတို့နိုင်ငံရဲ့ တကယ့်သတင်းအချက်အလက် အမှန်တွေကို မသိရှိဘဲ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ မဟုတ်မမှန်လီဆယ်စကားတွေကိုသာ ယုံကြည်လက်ခံပေးနေတယ်ဆိုတာ သူ့ပြောစကားအရ ခန့်မှန်းရပါတယ်။ 

လက်ရှိနိုင်ငံရေးအပြောင်းအလဲ ဘာကြောင့် ဖြစ်ပေါ်ခဲ့ရတယ် ဆိုတာကိုတော့ သူ့ရုပ်သံဖိုင်အတွင်း ထည့်သွင်းပြောကြားထားတာ မတွေ့ရှိရပါဘူး။ မဲမသမာမှုတွေနဲ့ ဒီမိုကရေစီကို ခုတုံးလုပ်အသုံးချသူတွေကြောင့် တိုင်းပြည်အတွက် ဒီမိုကရေစီလမ်း ကြောင်းလွဲခဲ့ရတာ၊ တပ်မတော်က နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့နဲ့ မှန်ကန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် တည့်မတ်လျက်ရှိတဲ့ အနေအထား၊ လက်ရှိပြည်တွင်းပဋိပက္ခတွေအပေါ် ကိုင်တွယ်ဖြေရှင်း ပေးနေတဲ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် အဖက်ဖက်က ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို လျစ်လျူရှု ဝေဖန်တိုက်ခိုက်မှု သက်သက်လို့သာ ဆိုရမှာဖြစ်ပါတယ်။

ဥပဒေအတိုင်းသာ

ရုပ်သံဖိုင်အတွင်းမှာ တီမောသမ္မတက မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့  စစ်ပွဲတွေ ဆက်မတိုက်ကြဖို့၊ ပြည်သူတွေကို မတိုက်ကြဖို့၊ လမ်းပေါ်ထွက်ရင် လက်နက်တွေယူမသွားကြဖို့နဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ အနုပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ ပညာရှင်တွေ၊ သတင်းထောက်တွေကို ထောင်သွင်းအကျဉ်းချတာ၊ သတ်ဖြတ်တာတွေ မလုပ်ကြတော့ဖို့ ဆိုပြီး တိုက်တွန်းထားတာကလည်း လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို မသိဘဲ ရမ်းသမ်းပြောဆိုနေတယ်ဆိုတာ အထင်အရှား ပေါ်လွင်နေပါတယ်။

မိမိတို့နိုင်ငံအနေနဲ့ လွတ်လပ်၍အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့ အညီ လက်ရှိအစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားတဲ့ အခွင့်အာဏာတွေကို အပြည့်အဝ ကျင့်သုံးပိုင်ခွင့်ရှိပါတယ်။ နိုင်ငံသားတိုင်းက တရားဥပဒေနဲ့အညီ တန်းတူအခွင့်အရေးများရရှိပြီး အခြေခံလူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်တွေကိုလည်း တန်းတူရရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေကို တရားဥပဒေက အပြည့်အဝကာကွယ်ပေးထားသလို မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်က လွတ်လပ်မှုရှိပြီး ပြည်ထောင်စုအတွင်းက မှီတင်းနေထိုင်သူအားလုံးကို သာတူညီမျှရှိတဲ့ ဥပဒေတွေကို ကျင့်သုံးဆောင်ရွက်နေတာဖြစ်ပါတယ်။

အရှေ့တီမောလို့ မြန်မာပြည်သူတွေခေါ်ဆိုကြတဲ့ တီမောလက်စ်တေ ဒီမိုကရက် တစ်သမ္မတနိုင်ငံအစိုးရဟာ အခုမှ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ပုတ်ခတ်တာ မဟုတ်ပါဘူး။ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေမယ့် လုပ်ရပ်တွေဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို အားပေးအားမြှောက်ပြုတာ၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်း NUG နဲ့ ထိတွေ့ဆက်ဆံတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့သလို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်မှုတွေကိုလည်း နိုင်ငံတကာအသိုင်း အဝိုင်းအကြား ပြုလုပ်ခဲ့ပါသေးတယ်။ 

သံတမန်များဖယ်ရှားထွက်ခွာ

ဒါကြောင့် မြန်မာအစိုးရက သံတမန် ဆက်ဆံရေး ဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနဲ့ မကိုက်ညီတဲ့ တီမောလက်စ်တေ အစိုးရရဲ့ ပြောကြားချက်နဲ့ လုပ်ဆောင်ချက်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာ၊ သတိပေးခဲ့တာတွေ ပြုလုပ်ခဲ့သည့်တိုင် မရပ်တန့်ခဲ့ တဲ့အတွက် မြန်မာနိုင်ငံအတွင်းက သံရုံးယာယီ တာဝန် ခံကိုလည်း ယခုနှစ်စက်တင်ဘာ လ ၁ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ဖို့ သံတမန်စာနဲ့ အကြောင်းကြား ထွက်ခွာစေခဲ့ပါတယ်။

ယခုအကြိမ်မှာလည်း တီမောလက်စ်တေသမ္မတရဲ့ အဆင်အခြင်မဲ့တဲ့ လုပ်ရပ်နဲ့ အပြောအဆိုတွေက နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့အပြင် အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုရာရောက်ပြီး အပြစ်မဲ့ပြည်သူအများအပြား သေကြေဒဏ်ရာရ ၊ အစိုးရနဲ့ပုဂ္ဂလိကပိုင် အဆောက်အဦတွေ ပစ္စည်းတွေကို ပျက်စီးစေခဲ့တဲ့ မတရား အသင်းနဲ့ အကြမ်းဖက်အဖွဲ့ ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (PDF) အမည်ခံအကြမ်းဖက်အဖွဲ့တွေ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်း ဖက်တိုက်ခိုက်မှုတွေကို မျက်ကွယ်ပြုရာရောက်တဲ့အပြင် တီမောအနေနဲ့ မြန်မာ့ ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်တယ်၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတယ်လို့ မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ ရှုမြင် စိတ်ပျက်မိပါတယ်။

ကိုယ်တိုင်သည်ပင် ရုန်းကန်နေရဆဲ

ဆက်စပ်ပြီး စာရေးသူအနေနဲ့  တီမောလက်စ်တေနိုင်ငံအကြောင်းကို လေ့လာသုံး သပ်ကြည့်တဲ့အခါ   ၅၄၀၀ စတုရန်းမိုင်ကျယ်ဝန်းတဲ့ အရှေ့ တီမောဟာ ၁၆ ရာစုက တည်းက တိုင်းတစ်ပါးနိုင်ငံတွေ လက်အောက်ကျရောက်ခဲ့ပြီး နှစ်ပေါင်း ၄၀၀ လောက်အကြာ ၂၀၀၂ ခုနှစ်မှသာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာနိုင်ခဲ့ပါတယ်။ ကိုလိုနီလက်အောက်ခံဘဝ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် ၁၇၀၀ ပြည့်နှစ်မတိုင်မီက နိုင်ငံ့သမိုင်းကြောင်း မှတ်တမ်းမှတ်ရာတွေ ဆုံးရှုံးခဲ့ရပါတယ်။

ပြည်တွင်းမတည်ငြိမ်မှု၊ မငြိမ်းချမ်းမှုနဲ့ မညီညွတ်မှုတွေကြောင့် တိုင်းတစ်ပါး လက်အောက်မှာ နှစ်ပေါင်းရာချီ နေခဲ့ကြရပါတယ်။ လက်ရှိနိုင်ငံ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းက အလုပ်လက်မဲ့တွေဖြစ်ကြသလို နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်နီးပါး စာတတ်မြောက်မှု အားနည်းပြီး ငွေကြေးဖောင်းပွတာစတဲ့ အခက်အခဲများအကြား ရုန်းကန်နေရတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဩစတြေးလျတို့နဲ့ အဆင်ပြေဖို့က သူတို့ရဲ့ နိုင်ငံခြားရေး ထိပ်သီးမူဝါဒဖြစ်သလို မကြာ သေးမီ နှစ်အနည်းငယ်ကအထိ တီမောနိုင်ငံရဲ့ ဘဏ္ဍာငွေအများစုက နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေနဲ့ ရပ်တည်နေခဲ့ရ၊ ကိုယ်ပိုင်ငွေကြေးမရှိဘဲ အမေရိကန်ဒေါ်လာကိုသာ အသုံးပြုတဲ့နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ 

တီမောက လက်ရှိမှာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ထင်ပေါ် လာစေဖို့အတွက် ဒီမိုကရေစီအရေးတက်ကြွတဲ့ နိုင်ငံတစ်ခုအဖြစ် အသံကုန်ဟစ်ရင်း နေရာရယူဖို ကြိုးပမ်းနေတာကိုလည်း တွေ့ရှိရပါတယ်။ တီမောအနေနဲ့ မိမိတို့မြန်မာ နိုင်ငံရဲ့ ပြည်တွင်းရေးကို အလုံးစုံမသိ၊ သိအောင်လည်း မကြိုးပမ်းဘဲ ဝေဖန်နေခြင်းထက် တီမောလက်စ်တေရဲ့ အနာဂတ်အတွက် စီးပွားရေး တိုးတက်မြင့်မားဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖော်ဆောင်ပေးနိုင်ဖို့နဲ့ ကျန်းမာကြံ့ခိုင်ပြီး ပညာတတ်မြောက်မှု နှုန်းမြင့်တက်လာဖို့ အစရှိတာတွေကို တွေးတောကြံဆနေ သင့်တယ်လို့ထင်ပါတယ်။

မိမိတို့နိုင်ငံက နိုင်ငံတကာဆက်ဆံရေးကို လုပ်ဆောင်တဲ့အခါ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါရှိတဲ့အတိုင်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ယနေ့တိုင်ကျင့်သုံးနေတဲ့နိုင်ငံဖြစ်ပြီး နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်  ပေါင်းဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူနဲ့အညီ နိုင်ငံအားလုံးနဲ့ သင့်မြတ်စွာ ဆက်ဆံလျက်ရှိပါတယ်။

မည်သူတရားပျက်ပျက် ကိုယ်မပျက်

 မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ၊   နိုင်ငံတကာအသိအမှတ်ပြု သံတမန်ဆက်ဆံရေးနဲ့ စပ်လျဉ်းတဲ့ ကွန်ဗင်းရှင်းများကို လေးစားလိုက်နာခဲ့တဲ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့လည်း ရုရှားမီဒီယာတစ်ခုနဲ့ တွေ့ဆုံဖြေကြားစဉ်အတွင်းမှာ မြန်မာနိုင်ငံမှာ ရန်သူနိုင်ငံမရှိဘဲ မိတ်ဆွေနိုင်ငံတွေသာရှိပြီး မိမိတို့အပေါ် စိတ်ရင်းစေတနာကောင်းထားတဲ့ နိုင်ငံတွေနဲ့ ပိုမိုချစ်ကြည်စွာ ဆက်ဆံသွားမယ်လို့ ပြောကြားခဲ့ဖူးပြီး လက်တွေ့မှာလည်း မိမိတို့ နိုင်ငံဘက်က ရပ်တည်ပေးခဲ့ကြတဲ့ နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိနေပါတယ်။

ပြည်ပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ဝေဖန်ထောက်ပြတဲ့အခါ မှန်ကန် တဲ့သတင်းအချက်၊ ဆင်ခြင်တုံတရားပြည့်ဝတဲ့ အပြုအမူအပြင် ကောင်းမြတ်တဲ့ စိတ်နှလုံးတို့နဲ့ ပူးပေါင်းထောက်ပြသင့်သလို မြန်မာနိုင်ငံဘက်ကလည်း မည်သူတရား ပျက်ပျက် မြန်မာတို့မပျက်ဘဲ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကိုသာ တိုးမြှင့်ဖော်ဆောင်ရင်းဖြင့် မြန်မာ့အနာဂတ်၊ မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်ကို ကမ္ဘာ့နိုင်ငံများအားလုံးရှေ့မှောက်တွင် ဦးလည်မသုန် အကောင်းဆုံး ပုံဖော်ဖန်တီးတည်ဆောက်သွားမည်သာ ဖြစ်ပါကြောင်း။        ။