ရန်ကုန် စက်တင်ဘာ ၂၅

၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စုပွဲစဉ်များမှာ အောက်တိုဘာ ၂၄ ရက်က ပြီးဆုံးသွားပြီဖြစ်ပြီး နောက်ဆုံးအဆင့်ယှဉ်ပြိုင်ခွင့်ရသည့် အသင်းအားလုံး စုံလင်စွာထွက်ပေါ်လာပြီဖြစ်သည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ပြီး အသင်းစုစုပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရမည့် ၁၂ သင်းအနက် ရှစ်သင်းမှာ ခြေစစ်ပွဲအောင်မြင်လာခြင်းဖြစ်ပြီး လေးသင်းမှာမူ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။ အိမ်ရှင်အိန္ဒိယအသင်းအပါအဝင် နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ ဂျပန်အသင်း၊ ဒုတိယဆုရ သြစတြေးလျအသင်းနှင့် တတိယဆုရ တရုတ်အသင်းတို့မှာ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲမှ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ အီရန်၊ တရုတ်တိုင်ပေနှင့် အင်ဒိုနီးရှားအသင်းတို့ အောင်မြင်လာခြင်းဖြစ်သည်။ ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ စက်တင်ဘာနှင့် အောက်တိုဘာတွင် ကျင်းပခဲ့ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးအသင်းများသာ ခြေစစ်ပွဲအောင်မြင်ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်သောကြောင့် နောက်ဆုံးအဆင့်တွင် ရလဒ်ကောင်းရယူနိုင်ရန် ဆက်လက်ပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာအသင်းသည် အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ငါးကြိမ်မြောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF