မြန်မာအသင်း ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်

ရန်ကုန်   ဇူလိုင်   ၁၇

မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအုပ်စုပွဲစဉ်များ ထွက်ပေါ် လာပြီဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်း စုစုပေါင်း ၄၂ သင်းအား အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု(I)တွင် ဗီယက်နမ်၊ ဟောင်ကောင်၊ တရုတ်(တိုင်ပေ)တို့နှင့် ကျရောက်နေပြီး ယင်းအုပ်စုပွဲစဉ်များကို တရုတ်(တိုင်ပေ)၌ ကျင်းပမည်ဖြစ်သည်။

ပွဲစဉ်ရေးဆွဲထားမှုအရ အုပ်စု(၂)ပွဲစဉ်များအဖြစ် အောက်တိုဘာ ၂၇ ရက်တွင် မြန်မာနှင့် ဟောင်ကောင်၊ ဗီယက်နမ်နှင့် တရုတ်(တိုင်ပေ)၊ အောက်တိုဘာ ၂၉ ရက်တွင် မြန်မာနှင့် တရုတ်(တိုင်ပေ)၊ ဗီယက်နမ်နှင့် ဟောင်ကောင်၊ အောက်တိုဘာ ၃၁ ရက်တွင် မြန်မာနှင့် ဗီယက်နမ်၊ ဟောင်ကောင်နှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ခြေစစ်ပွဲကို ဇုန်နှစ်ခုခွဲ၍ အနောက်အာရှဇုန်တွင် အုပ်စု ခြောက်ခု၊ အရှေ့အာရှဇုန်တွင် အုပ်စုငါးခုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ အုပ်စုတစ်ခုစီ မှ ထိပ်ဆုံး ၁၁ သင်း နှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး လေးသင်း၊ စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

မြန်မာအသင်းသည် ယင်းခြေစစ်ပွဲယှဉ်ပြိုင်ရန် ယခုလကုန်ပိုင်းတွင် စတင်လေ့ကျင့်ရန် စီစဉ်ထား ကြောင်း သိရသည်။

ကိုညီလေး