၁၂ အောက်တိုဘာ


အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုလက်ကျန်ပွဲ ကစားမည့်ရက်များကို ပြန်လည်ထုတ်ပြန်မည်ဖြစ်သည်။

ယင်းခြေစစ်ပွဲလက်ကျန်ပွဲများကို ယခုနှစ်အတွင်း ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေ ကြောင့် ရွှေ့ဆိုင်းထားရခြင်း ဖြစ်သည်။

ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုလက်ကျန်ပွဲများကို ယခင်က ယခုနှစ် မတ်နှင့် ဇွန်လတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ပထမအကြိမ်ရွှေ့ဆိုင်းခဲ့ရပြီး အောက်တိုဘာနှင့် နိုဝင်ဘာတွင် ထပ်မံကျင်းပရန် သတ်မှတ်ခဲ့သော်လည်း အာရှနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ရောဂါအခြေအနေကြောင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားသည့် နိုင်ငံတကာရက်သတ္တပတ်ဖြစ်သော မတ်နှင့် ဇွန်လတွင် ပြန်လည်ကျင်းပဖွယ်ရှိနေပြီး ရောဂါအခြေအနေအပေါ် မူတည်၍ ကျင်းပမည့်ရက် အတည်ပြုမည် ဖြစ်သည်။

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး ဒုတိယအကျော့ ပထမပွဲစဉ်အပြီးတွင် ရပ်နားထားရခြင်းဖြစ်ကာ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သုံးပွဲနှင့် လေးပွဲကစားရန် ကျန်ရှိနေသည်။

မြန်မာအသင်းသည် အုပ်စု (F)တွင် ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယားအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ငါးပွဲကစား ခြောက်မှတ်ရရှိထားသည်။ မြန်မာအသင်းသည် ပထမသုံးပွဲဆက်တိုက် အရေးနိမ့်ခဲ့သော်လည်း နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရခဲ့သဖြင့် အဆင့် (၄)နေရာတွင် ရပ်တည်နေခြင်း ဖြစ်သည်။

မြန်မာအသင်းသည် မွန်ဂိုလီးယားကို အဝေးကွင်းတွင် တစ်ဂိုး-ဂိုးမရှိ၊ ဂျပန်ကို အိမ်ကွင်းတွင် နှစ်ဂိုး-ဂိုးမရှိ၊ ကာဂျစ္စတန်ကို အဝေးကွင်းတွင် ခုနစ်ဂိုး-ဂိုးမရှိတို့ဖြင့် အရေးနိမ့်ပြီး တာဂျစ်ကစ္စတန်ကို အိမ်ကွင်းတွင် လေးဂိုး-သုံးဂိုး၊ မွန်ဂိုလီးယားကို အိမ်ကွင်း၌ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားသည်။

မြန်မာအသင်းသည် အုပ်စုလက်ကျန်ပွဲများအဖြစ် သုံးပွဲကစားရန် ကျန်ရှိနေပြီး ဂျပန်အသင်းနှင့် အဝေးကွင်း၊ ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲများကို တစ်ပေါင်း တည်းကျင်းပခဲ့သော်လည်း တတိယအဆင့်တွင် သီးခြားစီကျင်းပမည်ဖြစ်သည်။ ကမ္ဘာ့ဖလား တတိယအဆင့် ခြေစစ်ပွဲ တက်ရောက်ခွင့်ရသည့် အသင်းများမှာ အာရှဖလားပြိုင်ပွဲတွင် တတိယအဆင့်ခြေစစ်ပွဲ ကစားစရာ မလိုတော့ဘဲ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

ဒုတိယအဆင့်ခြေစစ်ပွဲတွင် အုပ်စုပထမရသည့်ရှစ်သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး လေးသင်း စုစုပေါင်း ၁၂ သင်းမှာ ကမ္ဘာ့ဖလားတတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန်