ရန်ကုန်၊ ၂၁ ဒီဇင်ဘာ
မြန်မာ ယူ-၁၉ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၁ အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ဇူလိုင်တွင် ကျင်းပရန် အာဆီယံဘောလုံးအဖွဲ့ချုပ်က လျာထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ပြိုင်ပွဲများ ကျင်းပနိုင်ခြင်းမရှိခဲ့သည့် အာဆီယံ အဆင့်ပြိုင်ပွဲများကို လာမည့်နှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ကပ်ရောဂါ အခြေအနေကြောင့် နှစ်ဝက်နောက်ပိုင်းမှသာ ပြိုင်ပွဲများ စတင်ကျင်းပမည်ဖြစ်သည်။ အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ဇူလိုင် ၁၂ ရက်မှ ၂၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။ အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ၂၀၀၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး အချို့နှစ်များမှလွဲ၍ နှစ်စဉ်ကျင်းပခဲ့သည့် ပြိုင်ပွဲဖြစ်ကာ မြန်မာအသင်းလည်း အောင်မြင်မှု ရဖူးသည့်ပြိုင်ပွဲဖြစ်သည်။ မြန်မာအသင်းသည် ၂၀၀၃ နှင့် ၂၀၀၅ ပြိုင်ပွဲတွင် ချန်ပီယံဆုရဖူးပြီး နောက်ပိုင်းပြိုင်ပွဲများတွင် ချန်ပီယံ အောင်မြင်မှုမရတော့သော်လည်း ဒုတိယတစ်ကြိမ်နှင့် ဆီမီးဖိုင်နယ်သို့ ငါးကြိမ် တက်ရောက်နိုင်ခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မတ်လကတည်းက လေ့ကျင့်မှု ရပ်နားထားပြီး လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများတွက် နှစ်ဆန်းပိုင်းတွင် စတင်လေ့ကျင့်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
သတင်း-ညီမြတ်သော်တာ