မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲကျင်းပမည့်ရက် သတ်မှတ်

ရန်ကုန်   ဇူလိုင်   ၅

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလားအမျိုးသမီးခြေစစ်ပွဲ ကျင်းပမည့်ရက်အား အာရှဘောလုံးအဖွဲ့ချုပ်က ယနေ့က အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစစ်ပွဲကို စက်တင်ဘာ ၁၃ ရက်မှ ၂၅ ရက်အထိ ကျင်းပမည် ဖြစ်ပြီး အုပ်စုအလိုက် အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့်နိုင်ငံများအနေဖြင့် ယင်းကာလအတွင်း ပြုလုပ် ရမည်ဖြစ်သည်။ အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုမြင့်မားနေသဖြင့် အာရှဘောလုံး အဖွဲ့ချုပ်သည် ခြေစစ်ပွဲကျင်းပမည့်ကာလကို နှစ်ပတ်သတ်မှတ်ထားခြင်းဖြစ်ပြီး အသင်းများ လာရောက်ရာတွင် ရောဂါစစ်ဆေးခြင်းများ၊  Quarantine ဝင်ရမည့်ရက်များကိုပါ ထည့်သွင်းထားခြင်း ဖြစ်သည်။

ယင်းခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (D) တွင် ယူအေအီး၊ ဂူအမ်၊ လက်ဘနွန်အသင်းတို့နှင့် ကျရောက်နေသည်။ အုပ်စုရှစ်ခုမှ ထိပ်ဆုံးရှစ်သင်းမှာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ပြီး လေးသင်း လေးအုပ်စုနှင့် သုံးသင်း လေးအုပ်စုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ ၂၀၁၈ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ဂျပန်၊ ဒုတိယရခဲ့သည့် ဩစတြေးလျနှင့် တတိယရခဲ့သည့် တရုတ်အသင်း တို့မှာ ခြေစစ်ပွဲယှဉ်ပြိုင်စရာမလိုဘဲ အိမ်ရှင်အိန္ဒိယ အသင်းနှင့်အတူ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည်။

၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အသင်းအရေအတွက်တိုးမြှင့်၍ ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပ မည်ဖြစ်သည်။

မြန်မာအသင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် တစ်နှစ်ခွဲကျော် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင် ခဲ့ရခြင်းမရှိဘဲ ၂၀၂၀ ဖေဖော်ဝါရီတွင် ယှဉ်ပြိုင်ခဲ့သည့် အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲ နောက်ပိုင်း ပထမဆုံးယှဉ်ပြိုင်ရမည့် ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။

သတင်း- ကိုညီလေး၊ ဓာတ်ပုံ- MFF