ရန်ကုန်   ဧပြီ   ၅

မြန်မာ့လက်ရွေးစငအမျိုးသားဖူဆယ် လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဧပြီ ၆ ရက်မှစတင်ကာ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲကို ဧပြီ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (A) တွင် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ တီမော၊ အုပ်စု (B) တွင် အင်ဒိုနီးရှား၊ သြစတြေးလျ၊ မလေးရှားနှင့် ဘရူနိုင်းအသင်းတို့ ပါဝင်ကြ သည်။ အုပ်စုပထမနေ့အဖြစ် ဧပြီ  ၆  ရက်  မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် အင်ဒိုနီးရှားအသင်းနှင့် ဘရူနိုင်းအသင်း၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မလေးရှားအသင်းနှင့် သြစတြေးလျအသင်း၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ထိုင်းအသင်းနှင့် တီမောအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ယင်းပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဧပြီ ၅ ရက်က  ကျင်းပရာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်ဖြစ်သူ ထိုင်းနိုင်ငံသား ပတ္တရားပီခွန် တက်ရောက်သည်။ နည်းပြချုပ် ပတ္တရား ပီခွန်က “ကျွန်တော် နည်းပြတစ်ယောက်အနေနဲ့ တာဝန်ယူထားတဲ့အတွက် မြန်မာအသင်း ရဲ့ အခြေအနေတွေအားလုံးကို အပြည့်အဝတာဝန်ယူမှုရှိပါတယ်။ ဒီတစ်ခေါက်ပြိုင်ပွဲအတွက် ကျွန်တော်တို့ အာရုံစိုက်ပြီး  အသေအချာပြင်ဆင်ထားပါတယ်။ အုပ်စုတွင်း ပြိုင်ဘက်တွေကလည်း တောင့်တင်းတဲ့အတွက် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ရမယ့်ပွဲတွေဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့အတွေ့အကြုံတွေရရှိစေမှာပါ။ ကစားသမားတွေအနေနဲ့လည်း အကောင်းဆုံးကြိုးစားသွားမှာဖြစ်သလို ရရှိလာမယ့် အတွေ့အကြုံတွေကနေသင်ယူပြီး အတိုးတက်ဆုံးဖြစ်အောင် လုပ်ဆောင်သွားရမှာပါ” ဟု ပြောသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ယင်းပြိုင်ပွဲအတွက် မတ်လလယ်ကတည်းက စခန်းဝင်လေ့ကျင့်ခဲ့ပြီး မတ် ၂၉ ရက်တွင် ထိုင်းနိုင်ငံသို့ ကြိုတင်ထွက်ခွာကာ  ခြေစမ်းပွဲများကစားခဲ့ကာ ခြေစမ်းပွဲသုံးပွဲကစားရာတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-MFF