မြန်မာအသင်းယှဉ်ပြိုင်မည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ယခုနှစ်အတွင်း ကျင်းပခြင်း ရှိ မရှိ ပြန်လည်အတည်ပြုမည်

ရန်ကုန်   ဇူလိုင်   ၁၄

မြန်မာ့လက်ရွေးစင်အသင်းဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ကျင်းပနိုင်ခြင်း ရှိ မရှိ အာဆီယံဘောလုံးအဖွဲ့ချုပ်က ပြန်လည် အတည်ပြုမည်ဖြစ်သည်။

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲသက်တမ်း နှစ်ပေါင်း ၂၀ ကျော်ရှိသည့် ပြိုင်ပွဲလည်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ပုံမှန်အရ ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အဆိုပါပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၁ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး အုပ်စုမဲခွဲပွဲကို ဩဂုတ် ၁၀ ရက်တွင် ပြုလုပ်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။ သို့သော် အရှေ့တောင်အာရှ နိုင်ငံများ တွင် ကပ်ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသဖြင့် အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် သတ်မှတ်ထား သည့်ရက်အတိုင်း ကျင်းပနိုင်ခြင်းရှိမရှိ အဖွဲ့ဝင်နိုင်ငံများနှင့် ပြန်လည်ညှိနှိုင်းမည်ဖြစ်ပြီး ယခုလအတွင်း အတည်ပြုမည်ဖြစ်သည်။

ရဲရင့်လွင်