mdn


ရန်ကုန် ၁၄ ဇူလိုင်

မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ကျင်းပနိုင်ခြင်းရှိမရှိ အာဆီယံဘောလုံးအဖွဲ့ချုပ်က  ပြန်လည်အတည်ပြုမည်ဖြစ်သည်။

အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲသက်တမ်း နှစ်ပေါင်း ၂၀ ကျော်ရှိသည့်ပြိုင်ပွဲလည်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ပုံမှန်အရ ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အဆိုပါပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိကျင်းပရန် စီစဉ်ထားပြီး အုပ်စုမဲခွဲပွဲကို သြဂုတ် ၁၀ ရက်တွင် ပြုလုပ်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။ 

သို့သော် အရှေ့တောင်အာရှနိုင်ငံများတွင် ကပ်ရောဂါကူးစက်မှုနှုန်းမြင့်တက်နေသဖြင့် အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပနိုင်ခြင်းရှိမရှိ အဖွဲ့ဝင်နိုင်ငံများနှင့် ပြန်လည်ညှိနှိုင်းမည်ဖြစ်ပြီး ယခုလအတွင်း အတည်ပြုမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လာမည့်ပြိုင်ပွဲကို နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း အုပ်စုပွဲများကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲကစားရန် စီစဉ်နေသော်လည်း ယင်းပုံစံအတိုင်းမပြုလုပ်နိုင်ပါက အိမ်ရှင်နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံ ရွေးချယ်ကာ ပွဲစဉ်အားလုံး ပြုလုပ်သွားမည်ဖြစ်သည်။ယင်းပြိုင်ပွဲကို ယခင်က တိုက်ဂါးဖလားပြိုင်ပွဲ၊ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအမည်များဖြင့် ကျင်းပခဲ့ပြီး ထိုင်းအသင်းက ချန်ပီယံဆုငါးကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ ယင်းနောက်တွင် စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက နှစ်ကြိမ်၊ မလေးရှားအသင်းက တစ်ကြိမ် ဗိုလ်စွဲထားကာ မြန်မာအသင်းမှာမူ အမြင့်ဆုံး ဆီမီးဖိုင်နယ်အဆင့်သို့ နှစ်ကြိမ် တက်ရောက်ထားသည်။

 ယခုနှစ်အတွင်း အာဆီယံဘောလုံးအဖွဲ့ချုပ်က ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲအများစုမှာ ကပ်ရောဂါကြောင့် ကျင်းပနိုင်ရန် မသေချာသေးဘဲ လူငယ်ပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲများနှင့် ဖူဆယ်ပြိုင်ပွဲများမှာမူ ဖျက်သိမ်းရန် သေချာသလောက်ရှိနေသည်။ ကပ်ရောဂါကြောင့် ယခုနှစ်အတွင်းကျင်းပရန် စီစဉ်ထားသည့် အာရှအဆင့်၊ အရှေ့တောင်အာရှအဆင့် ဘောလုံးပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ ရွှေ့ဆိုင်း/ဖျက်သိမ်းနေရသည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ- AFF