မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲနှင့် နောက်ဆုံးအဆင့် ပြိုင်ပွဲများကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာရှဘောလုံးအဖွဲ့ချုပ်က ဖျက်သိမ်း လိုက်ပြီဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲနှစ်ခု၏ ခြေစစ်ပွဲများကို ယခုနှစ်နှင့် နောက်ဆုံးအဆင့်ပွဲစဉ် များကို လာမည့်နှစ်တွင်ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကပ်ရောဂါအခြေအနေကြောင့် ယခုနှစ်တွင် ခြေစစ်ပွဲများကျင်းပရန် မဖြစ်နိုင်သဖြင့် ပြိုင်ပွဲနှစ်ခုစလုံး ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အာရှ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂ အာရှဖလား ယူ-၂၀ အမျိုး သမီးခြေစစ်ပွဲပထမအဆင့်ကို ၂၀၂၁ သြဂုတ် ၁၄ ရက်မှ ၂၂ ရက်၊ ဒုတိယအဆင့်ကို နိုဝင်ဘာ ၃ ရက်မှ ၇ ရက်၊ ပြိုင်ပွဲနောက်ဆုံးအဆင့်ကို ၂၀၂၂ ဧပြီ ၄ ရက်မှ ၁၇ ရက်၊ ၂ဝ၂ အာရှဖလား ယူ-၁၇ အမျိုး သမီးခြေစစ်ပွဲ ပထမအဆင့်ကို ၂၀၂၁ စက်တင်ဘာ ၁၈ ရက်မှ ၂၆ ရက်၊ ဒုတိယအဆင့်ကို ၂၀၂၁ ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက်၊ ပြိုင်ပွဲနောက်ဆုံးအဆင့်ကို ၂၀၂ မေ ၉ ရက်မှ ၂၂ ရက်အထိ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
ယခင်က ယခုနှစ် မတ်လနှင့် ဧပြီလတွင် ပြုလုပ်ရန် လျာထားသော်လည်း နောက်ဆုတ်ခဲ့ရပြီး သတ်မှတ်ထားသည့်ရက်တွင် ကျင်းပရန် မဖြစ်နိုင်သဖြင့် ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် မြန်မာ ယူ-၁၇ နှင့် ယူ-၂၀ အမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် အာရှဖလားခြေစစ်ပွဲ ပထမအဆင့်အုပ်စုပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားခြင်းဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ်အထိ အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲနှင့် အာရှယူ-၁၆ အမျိုးသမီးပြိုင်ပွဲအမည်ဖြင့်သာ ကျင်းပခဲ့သော်လည်း လာမည့်ပြိုင်ပွဲမှစတင်ကာ ပြိုင်ပွဲအမည်၊ သက်တမ်းနှင့် ကျင်းပမည့်ခုနှစ်များပြောင်းလဲခဲ့ခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ အမျိုးသမီးပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိသော်လည်း ၂၀၂၄ ခုနှစ်တွင် ကျင်းပသွားမည်ဖြစ်သည်။
မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းနည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်း၊ ယူ-၁၇ အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းတို့ကို တာဝန်ပေးထားသည်။ ယင်းနှစ်သင်းစလုံးသည် ပြီးခဲ့သည့် နှစ်ဆန်းပိုင်းကတည်းက လေ့ကျင့်မှုရပ်နားထားရသည်မှာ တစ်နှစ်ခွဲကျော်ကြာမြင့်နေပြီဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF