ရန်ကုန် ၁၄ မတ်
မြန်မာ ယူ-၁၈ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၉ ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာခဲပြီး ယင်းပြိုင်ပွဲကို ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၍ မတ် ၂၃ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲတွင် အိမ်ရှင် ဗီယက်နမ်အသင်း အပါအဝင် အာရှအင်အားကြီး တရုတ်၊ အာဆီယံအသင်းများ ဖြစ်သည့် ထိုင်းနှင့် မြန်မာအသင်းတို့ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်သည်။ ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့်ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးနှစ်သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် ၃/၄ နေရာရအသင်းမှာ တတိယလုပွဲ ကစားရမည် ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် မတ် ၂၃ ရက်တွင် ဗီယက်နမ်အသင်း၊ မတ် ၂၅ ရက်တွင် တရုတ်အသင်း၊ မတ် ၂၇ ရက်တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို မတ် ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ယင်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲမတိုင်မီ အကြိုပြင်ဆင်မှုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် နည်းပြသစ် ဦးစိုးမြတ်မင်းလက်ထက်တွင် ပထမဆုံးနိုင်ငံတကာ ခြေစမ်းပွဲအဖြစ် မတ် ၇ ရက်က ဂျပန်ကလပ် နီဂါတာအသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်