ရန်ကုန် ၁၂ နိုဝင်ဘာ
အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများ ကျင်းပမည့်ကာလ ထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် အပြီးကျင်းပ သွားမည်ဖြစ်သည်။
၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး ပွဲပေါင်း ၆၀ ကျော် ကျင်းပရန်ကျန်ရှိနေကာ တစ်သင်းလျှင် အများဆုံးလေးပွဲမှ အနည်းဆုံးသုံးပွဲ ထပ်မံကစားရမည် ဖြစ်သည်။ ယခင်ရေးဆွဲထားသည့်ပွဲစဉ်အနေအထားအရ ၂၀၂၀ နှစ်လယ်ပိုင်းကတည်းက ပြီးဆုံးရ မည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး နှစ်ကုန်ပိုင်းတွင်လည်း ကျင်းပရန်မဖြစ်နိုင်သဖြင့် လာမည့်နှစ်သို့ ပြောင်းရွှေ့ကျင်းပရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် နိုဝင်ဘာ ၁၁ ရက်က အစည်းအဝေးပြုလုပ်ပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများကို ၂၀၂၁ ခုနှစ် မတ်နှင့် ဇွန်လတွင် အပြီးကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ပွဲစဉ် ၇ နှင့် ၈ ကို မတ်လ၊ ပွဲစဉ် ၉ နှင့် ၁၀ ကို ဇွန်လတွင် ကျင်းပမည်ဖြစ်ပြီးမြန်မာ့လက်ရွေးစင်အသင်းသည် လက်ကျန် သုံးပွဲကစားရန် ကျန်ရှိနေကာ ဂျပန်အသင်းနှင့် အဝေးကွင်း၊ ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်းပွဲကို မတ်လ၊ တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းပွဲကို ဇွန်လတွင် ကစားရမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် ဂျပန်၊ ကာဂျစ္စတန်တို့နှင့်ပွဲများကို မတ်လ၊ တာဂျစ်ကစ္စတန်နှင့်ပွဲကို ဇွန်လတွင် ကစားရမည်ဖြစ်သည်။
မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု (F) ၌ပါဝင်နေပြီး ဂျပန်အသင်းက လေးပွဲကစား ၁၂ မှတ်ဖြင့် ထိပ်ဆုံး မှ ဦးဆောင်နေကာ ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန်အသင်းတို့က ငါးပွဲကစား၊ ခုနစ်မှတ်စီ၊ မြန်မာအသင်းက ငါးပွဲကစား ခြောက်မှတ်၊ မွန်ဂိုလီးယားအသင်းက ငါးပွဲကစား သုံးမှတ်ရရှိထားသည်။ ယင်းအုပ်စုတွင် ဂျပန်တစ်သင်းတည်းသာ လေးပွဲကစားရန်ကျန်ရှိနေပြီး ကျန်လေးသင်းစလုံးမှာ သုံးပွဲစီသာ ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များတွင် သုံးပွဲဆက်တိုက်အရေးနိမ့်ပြီးမှ နောက်ဆုံးနှစ်ပွဲပြန်လည်အနိုင်ရထားခြင်းဖြစ်သည်။ မြန်မာအသင်းသည် မွန်ဂိုလီးယားကို အဝေးကွင်းတွင် (၁-ဝ) ဂိုး၊ ဂျပန်ကို အိမ်ကွင်းတွင် (၂-ဝ) ဂိုး၊ ကာဂျစ္စတန်ကို အဝေးကွင်းတွင် (၇-ဝ) ဂိုးဖြင့်အရေးနိမ့်ပြီး တာဂျစ်ကစ္စတန်ကို အိမ်ကွင်းတွင် (၄-၃) ဂိုး၊ မွန်ဂိုလီးယားကို အိမ်ကွင်းတွင် (၁-ဝ) ဂိုးဖြင့် အနိုင်ရထားသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်