၁၆ ဩဂုတ်
အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ကျင်းပမည့်ရက်ကို ပြန်လည် ထုတ်ပြန်မည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစစ်ပွဲလက်ကျန်ပွဲများကို အောက်တိုဘာနှင့် နိုဝင်ဘာတွင် ပြန်လည် ကျင်းပရန် စီစဉ်ထားသော်လည်း အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကို အလုံးစုံ ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နှင့် ညိနှိုင်းကာ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းပွဲစဉ်များသည် မတ်နှင့် ဇွန်လက ကစားရမည့်ပွဲများဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ ရသလို ယခုဒုတိယအကြိမ် ထပ်မံရွှေ့ဆိုင်းရခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည်
အောက်တိုဘာ နှင့် နိုဝင်ဘာတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ သုံးပွဲကစားရန် ကျန်သေးသော်လည်း ရွှေ့ဆိုင်းခဲ့ရ ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်မှသာ ပြန်လည်ကျင်းပမည်ဖြစ်ကာ ပွဲစဉ်နှင့် ကျင်းပမည့်ကာလကို အာရှဘောလုံးအဖွဲ့ချုပ်က ထပ်မံထုတ်ပြန်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အုပ်စု (F) ၌ ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားအသင်းတို့နှင့် ကျရောက်နေပြီး ငါးပွဲကစား ခြောက်မှတ် ရရှိထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တာဂျစ်ကစ္စတန်အသင်းကို အိမ်ကွင်း၌ လေးဂိုး-သုံးဂိုး၊ မွန်ဂိုလီးယားအသင်းကို အိမ်ကွင်း၌ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြိး မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ တစ်ဂိုး-ဂိုးမရှိ၊ ဂျပန်အသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိ၊ ကာဂျစ္စတန်အသင်းကို အဝေးကွင်း၌ ခုနစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် လက်ကျန်ပွဲများအဖြစ် ဂျပန်အသင်းနှင့် အဝေးကွင်း၊ ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လက်ကျန်ပွဲများတွင် ရလဒ်ကောင်းပါက အုပ်စုဒုတိယ နေရာအထိ မျှော်လင့်နိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲနှင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတို့ ရွှေ့ဆိုင်းခဲ့သောကြောင့် ယှဉ်ပြိုင်ရန်ပြိုင်ပွဲမရှိတော့ဘဲ လာမည့်နှစ် မှသာ ပြန်လည်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းသည် နှစ်ကုန်ပိုင်းမှသာ အစောဆုံးလေ့ကျင့်ဖွယ်ရှိနေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်