နေပြည်တော် ၂၇ စက်တင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြန်မာ့အသံချစ်သူများ အဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက် နံနက် (၉)နာရီတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ပြည်သာယာခန်းမ၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် မြန်မာ့အသံ၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း ဗွီဒီယိုပြသခြင်း၊ မြန်မာ့အသံအစီအစဉ် တင်ဆက်သူများက မိတ်ဆက်ခြင်းနှင့်တေးသီချင်းများဖြင့်ဖျော်ဖြေခြင်း၊ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းတို့ ပါဝင်မည်ဖြစ်ရာ ပခုက္ကူခရိုင်အတွင်းရှိ မြန်မာ့အသံချစ်သူအဖွဲ့ဝင်များအပါအဝင် အခြားနီးစပ်ရာ ဒေသများမှ မြန်မာ့အသံချစ်သူအဖွဲ့ဝင်များ အခမ်းအနားသို့အခမဲ့ တက်ရောက်နိုင်ပြီး တက်ရောက်လို သူများအနေဖြင့် ဖုန်းနံပါတ် ဝ၆၇-၇၉၂၁၅၊ ဝ၆၇-၇၉၃၇၄၊ ဖုန်းနံပါတ် ဝ၉-၄၀ဝ၆၀၄၀၃၃နှင့် ဝ၉-၄၀ဝ၆၀၅၀၃၃ တို့သို့ ဆက်သွယ်၍ အခမဲ့စာရင်းပေးသွင်း နိုင်ကာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်း လျှောက်လွှာများ အခမဲ့ရယူပြီး အောက်တိုဘာ(၁၈)ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ် သည်။
မြန်မာ့အသံချစ်သူများအဖွဲ့သို့ ဝင်ရောက်လိုသည့် သောတရှင်များအနေဖြင့် အဆိုပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ အဖွဲ့ဝင်သစ်အဖြစ် အခမဲ့ဝင်ရောက်နိုင်ပြီး အခမ်းအနားတက်ရောက်ရန် စာရင်းပေးသွင်းရမည်ဖြစ်သည်။
အခမ်းအနားတွင် Co-Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးလိုသည့် လုပ်ငန်းရှင်များ အနေဖြင့် ဖုန်းနံပါတ် ဝ၆၇-၇၉၃၇၄၊ ဝ၉-၄၂၀၇၀၂၇၉၆၊ ဝ၉-၄၃၀၈၆၁၁၉ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
အလားတူမြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များတွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


