နေပြည်တော် ၃၁ ဇန်နဝါရီ

ဇန်နဝါရီ ၂၉ ရက်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လွှတ်တော်ရုပ်သံလိုင်းတွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပနေမှုကို တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း မွန်းလွဲ ၂ နာရီ မိနစ် ၂၀ မှ ၂၅ မိနစ်အထိ ၅ မိနစ်ခန့် ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြတ်တောက်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အင်ဂျင်နီယာချုပ် ဒေါ်ဇင်ဝါကြူအား ဆက်သွယ်မေးမြန်းရာ ၎င်းက ပြတ်တောက်မှုကို ပြန်လည်စစ်ဆေးချက်အရ လွှတ်တော်မှ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တပ်ကုန်း)အထိ ဖိုင်ဘာဆက်ကြောင်း တစ်လျှောက်အနက် အဆင့်မြင့် ယန္တရားဆက်သွယ်ရေးတပ်(ရေပြာ)နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရုံးချုပ်)အကြား ဖိုင်ဘာဆက်ကြောင်း၏ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်ခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါဆက်ကြောင်းနှင့် သက်ဆိုင်သည့် ကာကွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၏ ပြန်လည်စစ်ဆေး ပြုပြင်ချက်များအရ ညနေ ၄ နာရီ မိနစ် ၂၀ တွင် ပြန်လည်ကောင်းမွန်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

ပြတ်တောက်မှုအပိုင်းနှင့် ပတ်သက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (EIC) ဦးမျိုးမြင့်အောင်က ဖြေကြားရာတွင် ထိုနေ့က ထုတ်လွှင့်မှု ပြတ်တောက်မှုအနေဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လွှတ်တော်ရုပ်သံလိုင်းတွင်သာ ပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Sky Net လွှတ်တော် ရုပ်သံလိုင်း၊ ပြည်ထောင်စုလွှတ်တော်၏ Facebook ရှိ Live Streaming ထုတ်လွှင့်နေသည့်လိုင်း၊ ပြည်ထောင်စုလွှတ်တော် လွှတ်တော်ခန်းမအတွင်းရှိ Monitor များတွင် ပုံမှန်အတိုင်း ထုတ်လွှင့်နိုင်ခဲ့ကြောင်း။

ဖိုင်ဘာလိုင်း ချို့ယွင်း၍ အစီအစဉ်ပြတ်တောက်ချိန်တွင် ဂြိုဟ်တုဆက်ကြောင်းဖြင့် အစားထိုးထုတ်လွှင့်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက် ပြန်လည်ထုတ်လွှင့်နိုင်ခဲ့ကြောင်း၊ ပြတ်တောက်မှုဖြစ်ရခြင်းအတွက် ပြည်သူသို့ တောင်းပန်ခြင်းစာသားကို ထိုနေ့  ညနေ ၄ နာရီ မိနစ် ၂၀ တွင် လွှင့်တင်နိုင်ခဲ့ကြောင်း၊ ပြတ်တောက်သွားခဲ့သည့် အပိုင်းကိုလည်း ပြန်လည်ထည့်သွင်းပြီး အစအဆုံး ထပ်မံထုတ်လွှင့်ပေးနိုင်ခဲ့ကြောင်း ပြောပြသည်။

နောင်တွင် ချို့ယွင်းမှုဖြစ်ပွားပါက ယခုကဲ့သို့ အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းမျိုး ထပ်မံမဖြစ်ပွားစေရေးအတွက် စီစဉ်ဆောင်ရွက်သွားမည့် အစီအစဉ်နှင့်ပတ်သက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (Admin) ဦးဝင်းသူက “လတ်တလော လုပ်ဆောင်ထားမှုအနေနဲ့  ဖိုင်ဘာဆက်ကြောင်းကို အဓိက သုံးစွဲနေမှုအစား အဲဒါကို အရန်အဖြစ်ထားရှိပြီး ဂြိုဟ်တုဆက်ကြောင်း အသုံးပြုလုပ်ဆောင်နေပါတယ်။ ဒီလို ဆောင်ရွက်နေစဉ်မှာ  လွှတ်တော်နဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား(ရုံးချုပ်) အကြား ဖိုင်ဘာဆက်ကြောင်းလိုင်း တစ်လျှောက်ကို ပြန်လည်စစ်ဆေးတာကို   ကာကွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံးနဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

“ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာန ဖေ့ဘုတ်စာမျက်နှာမှာ  လွှတ်တော်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ထပ်ဆင့်လွှင့်တင် ပေးသွားမှာဖြစ်ပြီး  စက်ချို့ယွင်းမှု အပါအဝင် အကြောင်းကြောင်းကြောင့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ လွှတ်တော်လိုင်း ပြတ်တောက်သွားရင်  အစားထိုးကြည့်ရှုနိုင်ဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။  ဖိုင်ဘာ ဆက်ကြောင်းလိုင်းကို ပြန်လည်စစ်ဆေးပြီးရင် အဲဒီလိုင်းကို အရင်အတိုင်း အဓိက ဆက်ကြောင်းအဖြစ် ပြန်လည်သုံးစွဲပြီး ဂြိုလ်တုဆက်ကြောင်းကို အရန်အဖြစ် အသင့်သုံးနိုင်ဖို့အတွက် စီမံထားပါတယ်” ဟု ဖြေကြားသည်။

၎င်းက ဆက်လက်လုပ်ဆောင်ရန် လျာထားမှုအနေဖြင့် မူလဖိုင်ဘာလမ်းကြောင်းအတွင်း လွှတ်တော်အဆောက်အဦမှ ဇမ္ဗူသီရိမြို့နယ်ရှိ S-12 အိတ်ချိန်းအထိ လမ်းပိုင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ဆောင်မှုအား ဆက်လက်ရယူမည်ဖြစ်ကြောင်း၊ S-12 အိတ်ချိန်းမှ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရုံးချုပ်)အထိ လမ်းပိုင်းအား ပိုမိုဝန်ဆောင်မှုကောင်းမွန်သည့် ဖိုင်ဘာဆက်ကြောင်း ငှားရမ်းနိုင်ရေးကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောသည်။

လတ်တလော လုပ်ဆောင်ထားမှုအရ လက်ရှိထုတ်လွှင့်နေသည့် ဂြိုလ်တုဆက်ကြောင်းနှင့်အပြိုင် ပြန်လည်ကောင်းမွန်နေပြီဖြစ်သည့် ဖိုင်ဘာဆက်ကြောင်း (ပိုမိုသေချာစေရန် လမ်းကြောင်းတစ်လျှောက် ထပ်မံစစ်ဆေးနေဆဲ) နှစ်ခုစလုံးဖြင့် လွှတ်တော်ရုပ်သံထုတ်လွှင့်မှုကို ဆောင်ရွက်ပြီး တစ်ခုချို့ယွင်းပါက ကျန်တစ်ခုသို့ စက္ကန့်ပိုင်းအတွင်း ပြောင်းလဲနိုင်ရေးအတွက် တာဝန်ချထားမှုစနစ်ဖြင့် ပိုမိုဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ရာ အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းကြောင့် ပြတ်တောက်ရခြင်းနှင့် ပတ်သက်၍လည်း အများပြည်သူ အမြန်ဆုံး သိရှိနိုင်ရေးအတွက် စာတန်းထိုးဖော်ပြခြင်းကို ကြိုတင်စီစဉ်ထားရှိပြီး အမြန်ဆုံး လုပ်ဆောင်နိုင်ရေး စီမံထားမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သိရသည်။

(သတင်းစဉ်)