နေပြည်တော် ၁၉ ဇွန်

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ (၂/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယခုအစည်းအဝေးသည် ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး အထူးစီးပွားရေးဇုန်စီမံကိန်းများကို သိသိသာသာ တိုးတက်မှုရှိစေရေး ရှေ့ဆက်အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို ပူးပေါင်းညှိနှိုင်း အဖြေရှာဆောင်ရွက်မည်ဖြစ်ကြောင်း၊

ယခုလက်ရှိ အထူးစီးပွားရေးဇုန် (၃) ခုအနက် သီလဝါအထူးစီးပွားရေးဇုန်သည် စီးပွားရေးအခွင့်အလမ်းကောင်းများစွာရှိပြီး အချက်အချာကျသည့်အတွက် ပုံမှန်တိုးတက်မှုရှိနေပြီး ဇုန်အတွင်း နိုင်ငံပေါင်း (၁၉) နိုင်ငံ၊ ကုမ္ပဏီပေါင်း (၁၀၈) ခုထိ ရင်းနှီးမြှုပ်နှံထားလျက်ရှိပါကြောင်း၊ 

ထားဝယ်အထူးစီးပွားရေးဇုန်အနေဖြင့် စီမံကိန်းများ ရှေ့ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများဆောင်ရွက်လျက်ရှိပြီး၊ ကနဉီးစီမံကိန်းများအနက် (၂)လမ်းသွား ကားလမ်းဖောက်လုပ်ရေး ကျွမ်းကျင်သူများက လေ့လာမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံကိန်းများ အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊

ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အခြေအနေသည် ကနဉီးအနေဖြင့် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် Framework Agreement ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အများပြည်သူများသိရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်တို့အတွက် ပြည်သူအားလုံးပါဝင်လာနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေယာလျော်ကြေးကိစ္စများ၊ ပြန်လည်နေရာချထားနိုင်ရေးကိစ္စများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် လက်ရှိလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခတ်အခဲများ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် ဝိုင်းဝန်းအဖြေရှာပြီး ကောင်းမွန်ထိရောက်သည့် နည်းလမ်းများ၊ အကြံဉာဏ်များ၊ သုံးသပ်အကြံပြုချက်များအား ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးကြရန် ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသော ဗဟိုလုပ်ငန်းအဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မိမိတို့၏ သက်ဆိုင်ရာ လုပ်ငန်းများအတွင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများကလည်း သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားသည်။

 

2


ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၃ နာရီခွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး Mrs. Alessandra Schiavo နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၍ မြန်မာ-အီတလီ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့့်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖန်တီးဖော်ဆောင်သွားရေး၊ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်လုပ်၍ အီတလီနိုင်ငံသို့ တင်ပို့နိုင် ရေး၊ အစားအသောက် ဘေးကင်းလုံခြုံစေရေး၊ ထုတ်ကုန်ပစ္စည်းများ ထုတ်ပိုးမှုစနစ် ကောင်းမွန်စေရေးနှင့် တီထွင်ဆန်းသစ်မှု နည်းပညာဆိုင်ရာတို့တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်