နေပြည်တော်၊ ဇန်နဝါရီ ၁၄

 

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ တတိယအကြိမ် အစည်းအဝေးကို  ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက သီလဝါအထူးစီးပွား ရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များ ဝင်ရောက်ခဲ့မှုအခြေအနေ၊ မြန်မာအစိုးရအသိ အမှတ်ပြု စုပေါင်းကုမ္ပဏီ (Myanmar Government Designated Entity-GDE) အဖြစ် ဖွဲ့စည်း ထားသည့် Kyauk Phyu SEZ Consortium Company Limited နှင့် CITIC Consortium တို့အကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပြီး လုပ်ငန်းများအောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်သည် အရှေ့တောင်အာရှတွင် အရေးပါသည့် ဇုန်တစ်ခုဖြစ်လာနိုင်သည့်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပြီး ရင်းနှီးတည်ထောင်သူနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေး၊ နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးမှုမြန်ဆန်ရေး၊ ရင်းနှီးတည်ထောင်သူနှင့် ရင်းနှီး မြှုပ်နှံသူများအား မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရေးကိစ္စရပ် များကို ပြောကြားသည်။

 

ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌက သီလဝါအထူး စီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုအသစ်ဝင်ရောက်လာမှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုး တက်လာသည့်အခြေအနေ၊ ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မည့် မြန်မာအစိုးရအသိအမှတ်ပြု စုပေါင်းကုမ္ပဏီ (Myanmar Government Designated Entity Consortium-GDE) ၏ အခြေအနေ၊ စီမံကိန်းဧရိယာနှင့် တည်နေရာ ပိုမို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရေး တရုတ်နိုင်ငံ CITIC ဘက်မှ ကျွမ်းကျင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီကို အထောက်အကူပြုနိုင်ရန် မြန်မာဘက်မှ ကျွမ်းကျင်သူပညာရှင်ဖွဲ့စည်းထားရှိမှု အခြေအနေနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရေး၊ ရင်းနှီးတည်ဆောက်သူအသစ်များဖြင့် ဆက်လက်လုပ်ကိုင်နိုင်စေရန်အတွက် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးကိစ္စရပ်များကို ပြောကြားသည်။

 

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက ယခင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ သီလဝါအထူးစီးပွား ရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တင်ပြသည့် အမှာစာ များကိုလည်းကောင်း၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဝင်များက ဇုန်တစ်ခုချင်း အလိုက် လုပ်ငန်းဆောင်ရွက် ပေးနေမှုအခြေအနေများ ကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)