နေပြည်တော်၊ စက်တင်ဘာ ၂၈

 

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

 

ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အထူးစီးပွားရေးဇုန်များ တိုးတက်ရန် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စများကို အထူးစီးပွားရေးဇုန် ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ရေး၊ သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်းများ ချောမွေ့စွာ ဆက်လက်လည်ပတ်နိုင်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စပ်လျဉ်း၍ လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရေးနှင့် ထားဝယ်အထူးစီးပွားရေးဇုန် အနေဖြင့် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ထိုင်းနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးသွားရန် ကိစ္စများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများအား အသေးစိတ် တင်ပြဆွေးနွေးခဲ့ကြသည်။

 

အဆိုပါအစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်