mdn

ရန်ကုန် ၂  နိုဝင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှုးကျင်းပသည့် "မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်းစာတမ်းဖတ်ပွဲ" အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

 

စာတမ်းဖတ်ပွဲသို့  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၊ ပြန်ကြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘာသာပြန်လုပ်ငန်းတွင် စိတ်ဝင်စားသော ပညာရပ် ဆိုင်ရာ ပညာရှင်များ၊ စာပေပညာရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က     စာပေနှင့် ပတ်သက်လျှင် စာပေတိုင်း စာပေတိုင်းတွင် ဘာသာပြန်စာပေသည် အရေးကြီးပါ ကြောင်း၊ မြန်မာစာပေတွင် သာမန်အားဖြင့် မြစေတီကျောက်စာမှ စတင်ကာ ပြောလေ့ ရှိကြပါကြောင်း၊ အဆိုပါ မြစေတီကျောက်စာသည် ဘာသာလေးမျိုးဖြင့် ရေးထိုးထား ခြင်း ဖြစ်ရာ မြန်မာစာပေ ကနဦးအစကတည်းကပင် ဘာသာ ပြန်ဆိုခြင်း ပြုလုပ်ခဲ့သည် ဟု  ဆိုနိုင်ပါကြောင်း။

 

ကမ္ဘာကို မြန်မာကသိရှိဖို့၊ မြန်မာကို ကမ္ဘာက သိရှိဖို့ဆိုပါက ဆိုပါက ဘာသာပြန် ဆိုခြင်းနှင့် သွားရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာကို မြန်မာသိဖို့ ကမ္ဘာ့သုတရသစာပေများကို မြန်မာဘာသာသို့ ပြန်ဆိုခြင်းပြုလုပ်ရမည်ဖြစ်ပါေကြာင်း။

 

မြန်မာကို ကမ္ဘာကသိဖို့ဆိုလျှင် မြန်မာအကြောင်းအရာများကို အင်္ဂလိပ်ဘာသာ၊ အခြားနိုင်ငံတကာဘာသာများသို့ ပြန်ဆိုခြင်းကို အဓိကထားရမည်ဖြစ်ကြောင်း၊ ယခု သည် လက်တွေ့ဆောင်ရွက်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဟု ဆိုရမည် ဖြစ်ပါကြောင်း။

 

ကမ္ဘာကို မြန်မာသိရှိပါက   တိုင်းပြည်နှင့် လူမျိုး အသိပညာ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ဘယ်သူတွေ ဘာတွေလုပ်ကိုင်နေသလဲ၊ ဘာတွေသိနေ မြင်နေသလဲ၊ ပြောဆိုဆွေးနွေးနေသလဲ အစရှိသည်များကို သိရှိနိုင်မည်ဖြစ်ပါကြောင်း။

အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်းအလုပ်၊ ကမ္ဘာ့စာပေကို မြန်မာ ဘာသာပြန်ဆိုသည့် အလုပ်ကို တိုးချဲ့လုပ်ကိုင်ရန် လိုပါကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကမ္ဘာ့ဆောင်ရွက်ချက်များကို လျင်မြန်စွာ သိရှိနိုင်မည်ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက် မှုကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း။

 

မြန်မာကို ကမ္ဘာသိရန်  ၊ တိုင်းပြည်၏ ဂုဏ်သိက္ခာအတွက် မိမိတိုင်းပြည် ၏  အကြောင်းအရာများကို သူတစ်ပါးသိရှိနိုင်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊     မြန်မာ့ရေးရာ၊  မြန်မာ့ကိစ္စများကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားပေးနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာကို ကမ္ဘာသိအောင် လုပ်ပေးနိုင်လျှင် နိုင်ငံ၏ ဂုဏ်သိက္ခာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်ဟု  မြင်ပါကြောင်း။

 

ယနေ့စာတမ်းဖတ်ပွဲသည် မြန်မာကို ကမ္ဘာသိဖို့ ၊ နားလည်ဖို့ ၊ အထောက် အကူပြုဖို့ ရည်ရွယ်သက်ရောက်စေသည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါကြောင်း၊ မိမိ တို့၏ တိုင်းပြည် အကြောင်းအရာများ၊ စာပေယဉ်ကျေးမှုများ သူတစ်ပါးသိအောင် လုပ် ပေးခြင်းအားဖြင့် ဂုဏ်သိက္ခာရှိပြီး အများလေးစားခံရသည့် အနေအထားများ ရောက်ရှိ မည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပါကြောင်း။

 

  ယနေ့ ကျင်းပသည့် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်း စာတမ်း ဖတ်ပွဲမှစတင်၍ ဘာသာပြန်ဆိုသည့်လုပ်ငန်း ပိုမိုတိုးတက်ဆောင်ရွက်နိုင်ကြပါစေ၊ ဘာသာပြန်မှုနှင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေဟု ဆုမွန် ကောင်း တောင်းပါကြောင်း  ပြောကြားသည်။

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက    ဘာသာပြန်လုပ်ငန်းသည် ယခုမှစတင် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ရှေးယခင် နှစ်များစွာကတည်းက အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်မတန်အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ် သည်ဆိုတာ ကို အလေးအနက်ထား တင်ပြလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာန တိုင်းရင်းသား ဘာသာစကား  ဦးစီးဌာနက  အင်္ဂလိပ်-မြန်မာ ၊ မြန်မာ -အင်္ဂလိပ်  အဘိဓာန် ကို ပြုစုနေပါကြောင်း။

 

ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမ များအတွက် အထောက်အကူပြုစေ နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့သည် မြန်မာဘာသာစကားတစ်ခုတည်းကို အားပေး နေခြင်းမဟုတ်ဘဲ တိုင်းရင်သားပေါင်းစုံ၏ ဘာသာစကားများကိုလည်း အားပေးလျှက်ရှိပါကြောင်း ပြောကြားသည်။

 

နံနက်ပိုင်း စာတမ်းဖတ်ပွဲတွင်  ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)နှင့် ဒေါက်တာကျော်ဝင်းတို့က သဘာပတိများအဖြစ် ဆောင်ရွက်ပြီး ဒေါက်တာ အောင်ကြီး က “မဲဇာတောင်ခြေ ရတုအင်္ဂလိပ် ဘာသာပြန်ဆိုချက်များကို နှိုင်းယှဉ် လေ့လာခြင်း” စာတမ်းကို လည်းကောင်း၊ ဒေါက်တာဇော်ထွန်းက “ချိုမြမြ ပျားရည်စက်ကို The Sweet Honey Drop အဖြစ်ခံစားခြင်း” စာတမ်းကို လည်းကောင်း ဖတ်ကြားသည်။

        

စာတမ်းဖတ်ပွဲအပြီးတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က သဘာပတိ များ ဖြစ်သည့်  ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဒေါက်တာကျော်ဝင်း ၊ စာတမ်းရှင်များဖြစ်သည့် ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာဇော်ထွန်းတို့ကို ဂုဏ်ပြု လက်ဆောင်များပေးအပ်သည်။

 

စာတမ်းဖတ်ပွဲကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာဇော်ထွန်းတို့က သဘာပတိများအဖြစ် ဆောင်ရွက်ပြီး စာတမ်းရှင် ဒေါက် တာမြင့်ဇံက “ဥပဒေဆိုင်ရာ အသုံးအနှုန်းအယူအဆများကို မြန်မာမှ အင်္ဂလိပ်ဘာသာ ပြန်ဆိုမှု စိုးစဉ်းမျှ တစေ့တစောင်း” စာတမ်းကို လည်းကောင်း၊ စာတမ်းရှင် ဦးမောင် လှိုင်က “မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန်ရေးနှင့် မျိုးဆက်သစ်တို့၏ အခန်းကဏ္ဍ” စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စာတမ်းရှင် များက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

မွန်းလွဲပိုင်းစာတမ်းဖတ်ပွဲအပြီးတွင်  မြန်မာရေးရာလေ့လာရေးအဖွဲ့  အကြီးတန်း သုတေသနမှူး ဦးအေးမောင်ကျော်က  သဘာပတိနှင့် စာတမ်းရှင်များကို  မေတ္တာ လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။   

  

 စာတမ်းဖတ်ပွဲကို နိုဝင်ဘာ ၃ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံက မျှဝေဆောင်ရွက်လိုသည့် သတင်း အချက် အလက်များနှင့် အသိပညာ၊ ဗဟုသုတများကို အင်္ဂလိပ်ဘာသာပြန်ဆို၍ ကမ္ဘာ တစ်ဝန်း ဖြန့်ဝေနိုင်ရေးအတွက် ဘာသာပြန်ဆိုသည့်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာ စေရန်၊ မြန်မာဘာသာမှ နိုင်ငံခြားဘာသာသို့ ပြန်ဆိုခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများ မျှဝေဆောင်ရွက်နိုင်ရန်၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများနှင့် သဘာဝရှုခင်း ရှုကွက်များ၊ အထင်ကရနေရာများနှင့်ပတ်သက်၍ နိုင်ငံတကာမှ ပိုမိုနားလည်သဘော ပေါက်လာစေရန်၊ အရည်အသွေးမြင့်မားသော ဘာသာ ပြန်စာပေများထွက်ပေါ်လာစေရန်နှင့်ဘာသာပြန်ကျွမ်းကျင်သူများစုပေါင်း ၍ ဘာသာပြန်အသင်းတစ်သင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊ ဘာသာပြန် လုပ်ငန်းကို မျိုး ဆက်သစ် လူငယ်များ စိတ်ဝင်စားပါဝင်လာစေရန်တို့ကို ရည်ရွယ် ကျင်းပခြင်း ဖြစ် ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

mdn

 

mdn

 

mdn