ရန်ကုန် ၁ နိုဝင်ဘာ 

ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံက မျှဝေဆောင်ရွက်လိုသည့် သတင်းအချက်အလက်များနှင့် အသိပညာ၊ ဗဟုသုတများကို အင်္ဂလိပ်ဘာသာပြန်ဆို၍ ကမ္ဘာတစ်ဝန်း ဖြန့်ဝေနိုင်ရေးအတွက် ဘာသာပြန်ဆိုသည့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာဘာသာမှ နိုင်ငံခြားဘာသာသို့ ပြန်ဆိုခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများ မျှဝေ ဆောင်ရွက်နိုင်ရန်၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် သဘာဝရှုခင်းရှုကွက်များ၊ အထင်ကရ နေရာ များနှင့် ပတ်သက်၍ နိုင်ငံတကာမှ ပိုမိုနားလည်သဘောပေါက်လာစေရန်၊ အရည်အသွေးမြင့်မားသော ဘာသာပြန် စာပေများ ထွက်ပေါ်လာစေရန်နှင့် ဘာသာပြန်ကျွမ်းကျင်သူများ စုပေါင်း၍ ဘာသာပြန်အသင်းတစ်သင်း ဖွဲ့စည်း ဆောင်ရွက်နိုင်ရန်၊ ဘာသာပြန်လုပ်ငန်းကို မျိုးဆက်သစ်လူငယ်များ စိတ်ဝင်စားပါဝင်လာစေရန်တို့ကို ရည်ရွယ်ပြီး “မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း စာတမ်းဖတ်ပွဲ”ကို နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ရန်ကုန်မြို့ သိမ်ဖြူ လမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန၊ စုဝေးခန်းမ တွင် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာတမ်းဖတ်ပွဲ ပထမနေ့တွင် သဘာပတိအဖွဲ့ဝင်များအဖြစ် ဒေါက်တာခင်အေး (မောင်ခင်မင်- ဓနုဖြူ)၊ ဒေါက်တာအောင်ကြီး၊ ဒေါက်တာကျော်ဝင်းနှင့် ဒေါက်တာ ဇော်ထွန်းတို့က ဆောင်ရွက်သွား မည်ဖြစ်ပြီး စာတမ်းရှင်များအဖြစ် ဒေါက်တာအောင်ကြီးက “မဲဇာ တောင်ခြေရတု အင်္ဂလိပ်ဘာသာ ပြန်ဆိုချက်များကို နှိုင်းယှဉ်လေ့လာ ခြင်း” စာတမ်းအား လည်းကောင်း၊ ဒေါက်တာဇော်ထွန်းက “ချိုမြမြ ပျားရည်စက်ကို The Sweet Honey Drop အဖြစ် ခံစားခြင်း” စာတမ်း အား လည်းကောင်း၊ ဒေါက်တာမြင့်ဇံ က “ဥပဒေဆိုင်ရာ အသုံးအနှုန်းအယူ အဆများကို မြန်မာမှ အင်္ဂလိပ် ဘာသာပြန်ဆိုမှု စိုးစဉ်းမျှတစေ့ တစောင်း” စာတမ်းအား လည်း ကောင်း၊ ဦးမောင်လှိုင်က “မြန်မာ ဘာသာမှ အင်္ဂလိပ်ဘာသာပြန်ရေး နှင့် မျိုးဆက်သစ်တို့၏ အခန်း ကဏ္ဍ” စာတမ်းအား လည်းကောင်း အသီးသီး ဖတ်ကြားသွားမည် ဖြစ်သည်။

ဒုတိယနေ့တွင် သဘာပတိ အဖွဲ့ဝင်များအဖြစ် ဒေါက်တာတိုးလှ၊ ဦးအေးချို၊ ဒေါက်တာတင်လှိုင်နှင့် မောင်သာမညတို့က ဆောင်ရွက်သွား မည်ဖြစ်ပြီး စာတမ်းရှင်များအဖြစ် ဒေါက်တာတင်လှိုင်က “ရိုးရှင်းအင်္ဂလိပ် စာနှင့် ဘာသာပြန် အတွေ့အကြုံများ” စာတမ်းအား လည်းကောင်း၊ ဦးချို ထွန်းက “သတင်းဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာ အင်္ဂလိပ်ဘာသာ ပြန်အတွေ့အကြုံနှင့် အတွေးအမြင်” စာတမ်းအား လည်းကောင်း၊ ဦးမြထွန်းက “အချိန်တိုအတွင်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည့် အတွေ့အကြုံများ” စာတမ်းအား လည်းကောင်း၊ ဦးညွန့်ဝေမိုးက “ဘာသာပြန်နှင့် ဘာသာစကား အမြင်” စာတမ်းအား လည်းကောင်း၊ ဦးအေးမင်းစိုးက “သတင်း အင်္ဂလိပ် ဘာသာပြန်ဆိုခြင်းကို ဆန်းစစ် လေ့လာခြင်း” စာတမ်းအား လည်း ကောင်း အသီးသီးဖတ်ကြားသွား မည်ဖြစ်သည်။

စာတမ်းဖတ်ပွဲသို့ မည်သူမဆို တက်ရောက်နိုင်ကြောင်းနှင့် အသေး စိတ်သိရှိလိုပါက ပြန်ကြားရေးဝန်ကြီး ဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန သုတေသန နှင့် သတင်းအချက်အလက် ဌာနခွဲ (ရန်ကုန်)၊ ဖုန်း ဝ၁၈-၃၈၇၅၆၈၊ [email protected] တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရ သည်။

သတင်းစဉ်