ရန်ကုန် ၃ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှုးကျင်းပသည့် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်းစာတမ်းဖတ်ပွဲ ဒုတိယနေ့အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာနပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနစုဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
စာတမ်းဖတ်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ဘာသာပြန် လုပ်ငန်း တွင် စိတ်ဝင်စားသော ပညာရပ်ဆိုင်ရာပညာရှင်များ၊ စာပေပညာရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
နံနက်ပိုင်းစာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် ဒေါက်တာတိုးလှနှင့် ဦးအေးချို(မဟာဝိဇ္ဇာ)တို့က ဆောင်ရွက်ပြီးစာတမ်းရှင် ဒေါက်တာတင်လှိုင်က “ရိုးရှင်းအင်္ဂလိပ်စာနှင့် ဘာသာပြန်အတွေ့အကြုံများ ်” စာတမ်း၊ စာတမ်းရှင် ဦးချိုထွန်းက “သတင်းဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာ အင်္ဂလိပ်ဘာသာပြန် အတွေ့အကြုံနှင့် အတွေးအမြင်” စာတမ်းတို့ကို ဖတ်ကြားကြပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြ သူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြသည်။
စာတမ်းဖတ်ပွဲကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ သဘာပတိများ အဖြစ်ဒေါက်တာတင်လှိုင်နှင့် မောင်သာမညတို့က ဆောင်ရွက်ပြီး စာတမ်းရှင် ဦးမြထွန်းက “အချိန်တိုအတွင်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည့် အတွေ့အကြုံများ” စာတမ်း၊ စာတမ်းရှင် ဦးညွန့်ဝေမိုးက “ဘာသာပြန်နှင့် ဘာသာစကား အမြင်” စာတမ်းနှင့် စာတမ်းရှင် ဦးအေးမင်းစိုးက “သတင်းအင်္ဂလိပ်ဘာသာပြန်ဆိုခြင်းကို ဆန်းစစ်လေ့လာခြင်း” စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို စာတမ်းရှင်များက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် စာတမ်းရှင်များအတွက် အလှူငွေကျပ် ၁၀ သိန်းလှူဒါန်းသော အလှူရှင် Success Language Academy သင်တန်းကျောင်း တည်ထောင်သူ ဆရာ အာသာကိုယ်စား မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဆရာ မောင်သာမည ကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါ်သင်းသင်းဇင် က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး စာရေးဆရာ မောင်သာမညက ကျေးဇူးတင်စကား ပြောကြားသည်။
သတင်း-ရီရီမြင့်
ဓာတ်ပုံ-ရဲထွဋ်


