မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ . . .

မောင်ဆွေငယ်

 

၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပါသည်။ အမေရိကန် ဘီ-၂၉ ဗုံးကြဲလေယာဉ်ကြီးသည် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်သို့ ပထမဆုံးအဏုမြူဗုံးကိုကြဲချခဲ့သည်။ လူ ၇၀ဝ၀ဝ မှ ၁၀ဝ၀ဝ၀ ကျော်အထိ အသက်ဆုံးရှုံးခဲ့ကြသည်။ နောက်ပိုင်းတွင်လည်း ထပ်မံသေခဲ့ကြပြီး အဏုမြူရောင်ခြည်ဒဏ်ကြောင့် ဘဝပျက်သူ အမြောက်အမြား ပေါ်ထွက်ခဲ့သည်။

ထိုနှစ်၊ ထိုလ ၉ ရက်နေ့မှာပင် နာဂဆာကီမြို့ပေါ်သို့ နောက်ထပ်အဏုမြူဗုံးတစ်လုံး ထပ်မံကြဲချခဲ့ပြန်သည်။ လူပေါင်း ၄၀ဝ၀ဝ ကျော်ဒဏ်ရာရခဲ့ပြီး ၄၀ဝ၀ဝ ကျော် အသက်ဆုံးရှုံးခဲ့ကြရသည်။ စစ်၏အနိဋ္ဌာရုံ နောက်ဆက်တွဲအကျိုးကား တွေးဝံ့စရာမရှိ။

ဤအနိဋ္ဌာရုံ အဘယ်ကြောင့် ဖြစ်ရလေသနည်း။ အမေရိကန် ပုလဲဆိပ်ကမ်းကို ဂျပန်တို့ ဗုံးကြဲတိုက်ခိုက်ခြင်းကို လက်စားချေခြင်းဟု အချို့ကဆိုကြ၏။ ဖက်ဆစ်ဂျပန်တို့ကို လက်နက်ချရန် အမေရိကန်၏လက်တုံ့ပြန်မှုဟုလည်း ဆိုကြ၏။

သမိုင်းဆရာတို့သည် သမိုင်းဖြစ်ရပ်များအပေါ် အခြေခံ၍ အမှန်အကန်ကောက်ချက်ဆွဲနိုင်ကြပါသည်။

ဤသို့ဖြစ်ရသည့် လတ်တလော 'လက်သည်'ကားဘာသာပြန်မှားခြင်းကြောင့်ဟု ကောက်ချက်ချကြပါ သည်။

ဤသို့ဗုံးမကြဲမီ အမေရိကန်က ဂျပန်အစိုးရအား ရာဇသံပေးခဲ့သည်။ ထိုရာဇသံအား နိုင်ငံ၏ဖြစ်ပေါ်နေ သောအခြေအနေအရ မဆွေးနွေးဖြစ်ခဲ့။ နောက်အစည်း အဝေးတစ်ခုသို့ ရွှေ့ဆိုင်းလိုက်ရသည်။ ဤတွင် သတင်း ဘာသာပြန်သူသတင်းစာဆရာက 'U.S. ultimatum postponed' (အမေရိကန်ရာဇသံအား ရွှေ့ဆိုင်းလိုက် ခြင်း)ဟု ရေးရမည့်အစား 'U.S. ultimatum ignored' (အမေရိကန်ရာဇသံအားဂရုမစိုက်) ဟူ၍ ဘာသာပြန်လိုက်သည်။ ဘာသာပြန်မှားခြင်း၏ အကျိုးဆက်ကား နိုင်ငံသည် ယဇ်ပလ္လင် ဖြစ်သွားပါတော့သည်။

ဤဖြစ်ရပ်တို့ကို ဘာသာပြန်သင်ခန်းစာ သင်ယူစဉ်က ဆရာကြီးသခင်ဘသောင်းက ပြန်ပြောခြင်းပင်ဖြစ်ပါ သည်။ ထိုစဉ်က ဆရာကြီးက အသံတုန်တုန်လေးဖြင့် ပြန်ပြောနေပုံကို မျက်စိထဲမှာ ယနေ့တိုင်စွဲနေသည်။ ဆရာကြီး မင်းသုဝဏ်လည်း ထိုအကြောင်းကို ပြောပြဖူးသည်။

"တကယ်တော့ကွာ အမေရိကန်ဟာ အဏုမြူဗုံးကို တစ်နေ့နေ့မှာ ထုတ်သုံးမှာပါပဲ။ တားရမှာမဟုတ်ပါဘူး။ ဒါပေမယ့် လတ်တလောဖြစ်လိုက်တဲ့ဘာသာပြန်အမှားကြောင့်ဆိုတာတော့ သင်ခန်းစာယူရမှာပေါ့"

ဆရာကြီးသခင်ဘသောင်း၏ အထက်ပါစကားသည် ဘာသာပြန်ဆရာတို့ကို စကားလုံးတစ်လုံးချင်း၏ တန်ဖိုးအဘယ်မျှ အရေးကြီးသည်ကို မမေ့မလျော့မပေါ့မဆ ရှိရမည်ကို သတိပေးနေသည်ဟုပင် ထင်မိသည်။ ဤအကြောင်းအရာတို့ကို သမိုင်းဆရာတို့က လက်ခံမည်ဟုမထင်။ ပုံပြင်တစ်ခုအနေဖြင့် သဘောထားကလည်း ထားကြမည်။ ယုံတမ်းစကားဟုလည်း ယူဆကောင်းယူဆကြမည်။ သို့သော် ဘာသာပြန်ဆရာတို့အတွက်မူ လွန်စွာမှ တန်ဖိုးကြီးသောစကားဟုဆိုရမည်သာ။

အပြန်အလှန်ဆက်နွှယ်

ဘာသာပြန်စာပေလုပ်ငန်းသည် မည်သည့်နိုင်ငံတွင်မဆို ခေတ်ကာလနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရသည်မှာ အမျိုးသားရေး တာဝန်တစ်ရပ်ပင်ဖြစ်သည်။ လူသားစွမ်းရည်တိုးတက်ရေးလုပ်ငန်းတစ်ရပ်လည်း ဖြစ်သည်။ ဘာသာပြန် လုပ်ငန်းသည် စာပေလုပ်ငန်း ဖြစ်သည့်အပြင် ယဉ်ကျေးမှု ဖလှယ်သောလုပ်ငန်းလည်း ဖြစ်သည်။ ဘာသာပြန်လုပ်ငန်းများ တိုးတက်မှုနှင့် နိုင်ငံ၏တိုးတက်မှုတို့သည် အပြန်အလှန်ဆက်နွှယ် နေသည်ဟုဆိုက မမှားပေ။

မြန်မာနိုင်ငံ၏ ဘာသာပြန်သမိုင်းကို အကြမ်းဖျင်း လေ့လာကြည့်မည်ဆိုပါက ပုဂံခေတ်ကိုညွှန်းနိုင်ပါသည်။ ပုဂံခေတ်မတိုင်မီ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ ပျူခေတ်များတွင် သက္ကတဘာသာ၊ ပါဠိဘာသာတို့မှ ဘာသာပြန်ဆိုမှုများရှိနေသည်ဟု သိရပါသည်။ သို့သော် ပုဂံခေတ်တွင် ဘာသာပြန်လုပ်ငန်း အတော်ခရီးပေါက်ခဲ့ ပြီဟု ဆိုနိုင်ပါသည်။

ကျန်စစ်မင်းကြီး၏သားတော် 'ရာဇကုမာရ်' မင်းသားရေးထိုးခဲ့သည့် 'မြစေတီကျောက်စာ'ကို သက်သေထူရပါမည်။ ဤကျောက်စာသည် အကြောင်းအရာ တစ်မျိုးတည်းကိုပင် မွန်၊ မြန်မာ၊ ပျူ၊ ပါဠိ ဘာသာရပ် များဖြင့် ကျောက်စာတိုင်၏ တစ်မျက်နှာစီတွင် ရေးထိုးခဲ့ကြသည်။ အရေးအသားကျစ်လျစ်ပြီး ကိုက်ညီမှုရှိသည်ဟု လည်း ပညာရှင်များက မှတ်ချက်ပြုကြသည်။ မြစေတီကျောက်စာသည် ဘာသာပြန်ရသစာပေ၏ မူလပထမဟု ဆိုနိုင်ကြောင်း ဘာသာပြန် စာရေးဆရာကြီး 'ဌေးမောင်' က ပြောပြသည်ကို မှတ်သားဖူးပါသည်။

မြန်မာစာပေသမိုင်းအရ မြန်မာနိုင်ငံကို ခေတ်ကြီးခုနစ် ခေတ်ဖြင့် ပိုင်းခြားသတ်မှတ်ပါသည်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်(ပထမ)၊ ကုန်းဘောင် (ဒုတိယ) ဟူ၍ဖြစ်ပါသည်။ အစကနဦးဖြစ်သည့် ပုဂံခေတ် မှာပင် ဝေါဟာရများ၊ ရေးထုံးများ ကြွယ်ဝလာသည်။ လွန်ခဲ့ သောနှစ်ပေါင်း ၅၀ ကျော် လုပ်သားများကောလိပ်တွင် မြန်မာစာအဓိကဖြင့် ဝိဇ္ဇာဘွဲ့အတွက် ပညာဆည်းပူးရာတွင် ပုဂံလေးထောင့်ကန် လေးမျက်နှာဘုရားကျောက်စာကို လေ့လာဖူးပါသည်။ ထိုကျောက်စာတွင်-

''ဆိုဝ်ငြယ်မဲ့သော် နိရဗန်ပြည်သို့

ရောက်စေချင်သောကြောင့် ငါလည်း

သိစပ်မြင်နှံ့သော သဗ္ဗညုတဉာဏ်

ဖုရားဆုကိုလိုချင်သောကြောင့်..." ဟု ရေးသားမှု ပါရှိပါသည်။

ဗုဒ္ဓသည်သဗ္ဗညုတဉာဏ်တော်ကို ပိုင်ဆိုင်တော်မူ၏။ 'သဗ္ဗညုတဉာဏ်' ဆိုသည်ကား အလုံးစုံသော အရာရာကို ထိုးထွင်းသိမြင် နိုင်စွမ်းရှိသော ဉာဏ်ဟု ဆိုပါ၏။ သို့သော် မြန်မာ့ယဉ်ကျေးမှု စတင်ဖြစ်ထွန်းရာ ပုဂံခေတ်တွင် ရှေးမြန်မာကြီးတို့က 'သဗ္ဗညုတဉာဏ်' ဟူသော ပါဠိစကားကို ရှည်လွန်းလှသော စကားလုံးများဖြင့် ဘာသာမပြန်မူဘဲ၊ 'သိစပ်မြင်နှံ့သော'ဟု ကျစ်လျစ်စွာ ဘာသာပြန်ခဲ့ပါသည်။ နှစ်ပေါင်းတစ်ထောင်ကျော်က ရှေးမြန်မာကြီးများ၏ ကျစ်လျစ်သိပ်သည်းစွာ ဘာသာ ပြန်တတ်မှု၊ လှပထိရောက်သော စကားလုံးရွေးချယ် တတ်မှုတို့သည် ယနေ့တိုင် အတုယူစရာ ဖြစ်နေပါတော့သည်။

သင်ကြားမှုများရှိလာ

ခြုံ၍ဆိုရလျှင် ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅)ခုနှစ်များအတွင်း အင်္ဂလိပ်၊ ပြင်သစ်နိုင်ငံများနှင့် ကူးလူး ဆက်ဆံခဲ့ကြသည်။ ထို့ကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာများမှ မြန်မာဘာသာပြန်ဆိုမှုများရှိလာသည်ဟု ယူဆရပါသည်။ မြန်မာနိုင်ငံ၏ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်တွင် ဗြိတိသျှပညာရေးစနစ် အစားဝင်လာသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား သည့် ပညာရပ်ဆိုင်ရာ စာအုပ်များကို မြန်မာဘာသာပြန်ဆို၍ သင်ကြားမှုများ ရှိလာသည်။

၁၉၂၀ ပြည့်နှစ်မှ ၁၉၄၀ ပြည့်နှစ်အတွင်း လွတ်လပ်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြင်းထန်ခဲ့သည်။ ယင်းလှုပ်ရှားမှု တို့ကို အထောက်အကူဖြစ်စေမည့် စာအုပ်များကို ထုတ်ဝေလာကြသည်။ နိုင်ငံတကာလွတ်လပ်ရေး တိုက်ပွဲအတွေ့အကြုံများ အကြောင်း ရေးသားထားသည့် စာအုပ်များကို ဘာသာပြန်ကြသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်အခါ အနောက်တိုင်း ဂန္ထဝင်စာအုပ်များ ဘာသာပြန် ဆိုမှုများ လှိုင်လှိုင်ပေါ်ထွက်ခဲ့သည်အထိ တိုးတက်လာခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းခဲ့သည့် ကိုလိုနီခေတ်တွင် "ဘာသာပြန်လုပ်ငန်းကို လုပ်ဆောင်ကြပါကုန်လော့" ဟူ၍ လည်းကောင်း၊ " ဘာသာပြန်လုပ်ငန်းနှင့် ပညာမျက်စိ ဖွင့်ကြစို့ " ဟူ၍လည်းကောင်း တိုက်တွန်းကြွေးကြော်ခဲ့ ကြသည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် သမိုင်းဝင် 'ဆိုရန်တိုဗီလာ' ညီလာခံမိန့်ခွန်းကို ပြောကြားခဲ့သည့် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်တွန်း ချက်ကို အကြောင်းပြုကာ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် "မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း" (Burma Translation Society; BTS)ကို တည်ထောင်နိုင်ခဲ့သည်။ မြန်မာ နိုင်ငံဘာသာပြန်စာပေအသင်းကြီး၏ရည်ရွယ်ချက်မှာ -

"ပြည်ထောင်စုသားတို့၏ အသိဉာဏ်တိုးပွားစေမည့် ဘာသာပြန်ခြင်းဖြင့် ရေးသားထားသော စာအုပ်စာတမ်းများကို မြန်မာဘာသာပြန်ဆိုရန်နှင့် ပြည်ထောင်စု တိုင်းရင်းသားဘာသာဖြင့် ရေးသားထားသည့် စာအုပ်စာတမ်းများကို နိုင်ငံခြား ဘာသာဖြင့် ပြန်ဆိုရန်" ဟူ၍ ဖြစ်သည်။

ပေါများစွာထွက်ရှိ

"ပြည်ထောင်စုတိုင်းရင်းသားဘာသာဖြင့် ရေးသား ထားသည့် စာအုပ်စာတမ်းများကို နိုင်ငံခြားဘာသာဖြင့် ပြန်ဆိုရန်" ဆိုသည်မှာ ယေဘုယျသဘော တင်ပြရလျှင် " မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ " ပြန်ဆိုထုတ်ဝေရေးဟု သဘော ပေါက်ပါသည်။ အခြားဘာသာများသို့ ပြန်ဆိုမှုများရှိနေသော်လည်း အင်္ဂလိပ်ဘာသာက ပို၍ တွင်ကျယ်သောကြောင့် ဖြစ်ပါသည်။ အခြားဘာသာနှင့် အင်္ဂလိပ်ဘာသာတို့မှ ဘာသာပြန်များ ပေါများစွာထွက်ရှိ လာသော်လည်း မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှု ၊ တိုင်းရင်းသား ရေးရာများကို အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ အခြား ဘာသာဖြင့်လည်းကောင်း ပြန်ဆိုထုတ်ဝေမှုများ အသင့် အတင့် ရှိသည်။ သို့သော်နည်းသည်။

ဘာသာပြန်စာပေများ ပိုမိုရှင်သန်ရေးအတွက် ကနဦး စာပေဗိမာန်စာပေဆုများတွင် ဘာသာပြန်စာအုပ်အတွက် ရွေးချယ်ချီးမြှင့်သောဆုတစ်မျိုးကို ၁၉၅၀ ပြည့်နှစ်မှစ၍ ထည့်သွင်းခဲ့သည်။ နောက်ပိုင်းတွင် ၁၉၆၉ ခုနှစ်မှစ၍ စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် တရားဝင်ထည့်သွင်းပေးခဲ့သည်။ ဘာသာပြန်မှုအလေ့အထ ရှင်သန်ရေးအတွက် ဘာသာရပ်တစ်ခုကို ပြဋ္ဌာန်းကာ နှစ်စဉ် ဆုများချီးမြှင့်ခဲ့သည်မှာ ယနေ့တိုင်အောင်ပင်။ သို့ရာတွင် ၎င်းတို့မှာ အင်္ဂလိပ် ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုသည့်လက်ရာများဖြစ် ပါသည်။

၂၀၁၁ ခုနှစ်တွင် မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ ရေးရာသမိုင်းကြောင်း၊ စာပေအနုပညာတို့ကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသည့် သုတ၊ ရသ စာအုပ်များကို စတင်၍ ဆုချီးမြှင့်ခဲ့သည်။ အမျိုးသားစာပေဆုနှင့် စာပေ ဗိမာန်စာပေဆုတို့တွင် ဤကဏ္ဍထည့်သွင်းလိုက်သည့် နောက်ပိုင်းတွင် မူရင်းအင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် စာအုပ်များ၊ မူရင်းမြန်မာဘာသာဖြင့် ရေးသားထားသည့် ဂန္ထဝင်၊ ခေတ်ပေါ်စာပေများကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထုတ်ဝေမှုများကို အထိုက်အလျောက် တွေ့မြင်လာရသည်။ အားရဖွယ်ရာကောင်းသည်ဟု ဆိုနိုင်၏။ သို့သော် အတိုင်း အဆတစ်ခုမျှသာ ဖြစ်ပါသည်။

ဘာသာပြန်စာတမ်းဖတ်ပွဲကိုကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန(ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေ ရေးလုပ်ငန်း၊ စာပေဗိမာန်) က ကြီးမှူး၍ ၁၉၆၅ ခုနှစ်မှ စတင် ကာ စာတမ်းဖတ်ပွဲများကို ကျင်းပခဲ့သည်။ ဘာသာပြန်စာပေ ထွန်းကားရေးအတွက် ၁၉၆၉ ခုနှစ်မှာပင် ဘာသာ ပြန်စာပေ နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ဘာသာပြန်စာတမ်းဖတ်ပွဲတစ်ကြိမ်နှင့် ၂၀ဝ၀ ပြည့်နှစ်တွင် ဘာသာ ပြန်စာပေနှီးနှောဖလှယ်ပွဲ (စာတမ်းဖတ်ပွဲ)တစ်ကြိမ် ကျင်းပခဲ့သည်။ ၂၀၁၇ ခုနှစ်တွင်မူ ပြန်ကြားရေးဝန်ကြီးဌာန က ကြီးမှူး၍ ဘာသာပြန်စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ပြီး ဖြစ်သည်။

ယခုကျင်းပမည့် "မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းဆိုင်ရာစာတမ်းဖတ်ပွဲ" သည် ယခင်က ကျင်းပခဲ့သည့် ဘာသာပြန် စာတမ်းဖတ်ပွဲများနှင့် လုံးဝမတူပါ။ ယခင်ဖတ်ခဲ့သည့် ဘာသာပြန်စာတမ်းများမှာ အင်္ဂလိပ်မှ မြန်မာသို့ပြန်ဆိုမှု များအပေါ် လေ့လာဆန်းစစ်ချက်များ၊ အတွေ့အကြုံအရ တွေ့လာရသည့် ဝေါဟာရဖလှယ်မှုများ၊ ဘာသာပြန်ဆိုင်ရာ ပညာရပ်များကို ပညာရှင်များက စုစည်းပေးကြခြင်း ဖြစ်ပါသည်။

မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲကို ဘာသာပြန်လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက် လာစေရန်၊ အထူးသဖြင့် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းဆိုင်ရာ အသိပညာ၊ အတတ် ပညာများ မျှဝေဆောင်ရွက်နိုင်ရန်၊ အရည်အသွေးမြင့်မားသော ဘာသာပြန်သုတ၊ ရသစာပေများ ပေါ်ထွက်လာစေရန်နှင့် ဘာသာပြန် လုပ်ငန်းကို မျိုးဆက်သစ်လုပ်ငန်းများ ပိုမိုစိတ်ဝင်စားပါဝင်လာစေရန်စသည့် မွန်မြတ်သော ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

စာရေးသူသည် ဝါသနာအရသော်လည်းကောင်း၊ ဝန်ထမ်းဘဝက တာဝန်အရသော်လည်းကောင်း မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ တို့ဖြင့် ဆောင်းပါးများကို ရေးသားနေသူဖြစ်ပါသည်။ တာဝန်အရ အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ် ဘာသာပြန်များကိုလည်း လုပ်ဆောင်ခဲ့ရသည်။ သို့ရာတွင် ယခုထက်တိုင် ဘာသာပြန်ရာတွင် အခက်အခဲများ တွေ့ကြုံနေရဆဲ ဖြစ်ကြောင်း ရိုးသားစွာ ဝန်ခံရပါသည်။

ရှေ့မတိုးနိုင်သည်ကို တွေ့ကြုံ

အင်္ဂလိပ်မှ မြန်မာဘာသာသို့ ပြန်ဆိုသည့်အခါ မိမိ ကိုယ်တိုင်က မြန်မာဘာသာဝေါဟာရနှင့် အသုံးအနှုန်း မကြွယ်ဝသည့် ဒုက္ခ၊ မြန်မာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာ တွင် ဝေါဟာရနှင့် အသုံးအနှုန်းမနိုင်နင်းသည့် ဒုက္ခတို့ကို နေ့စဉ်နှင့်အမျှခံစားရင်း ပီတိကိုစားနေတတ်ရသည်။ တစ်ခါတစ်ရံ တစ်နေ့တည်း လေးငါးမျက်နှာကို လက်တန်း ပြန်နိုင်လောက်အောင် အဆင်ပြေတတ် သည်။ တစ်ခါ တစ်ရံတွင်မူ စာကြောင်းတစ်ကြောင်း၊ စာပိုဒ်တစ်ပိုဒ်နှင့်ပင် ဝဲလည်ကာ ရှေ့မတိုးနိုင်သည်ကို တွေ့ကြုံခဲ့၊ တွေ့ကြုံနေ ဆဲဖြစ်သည်။

ဤပြဿနာ၏အဖြေများကို ယခုဖတ်မည့် " မြန်မာ ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲ"တွင် တွေ့ရှိနိုင်သည်ဟု မျှော်လင့်ရသည်။ လက်တွေ့ပြန်ဆိုနေကြသည့် ဘာသာပြန်ဆရာများ၏ အတွေ့အကြုံ၊ ပညာ၊ ထိုးထွင်းကြံဆမှုများ ပေါင်းစပ်ကာ ၎င်းတို့ဖတ်ကြားမည့်စာတမ်းတွင် တွေ့မြင်ကြရပါမည်။ ယခင်က ဘာသာပြန်ဆရာကြီးများ ဖတ်ကြားခဲ့သည့် စာတမ်းများသည် ကျွန်တော်တို့၏ဘာသာပြန်မျက်စိကို ဖွင့်ပေးခဲ့ပြီးဖြစ်သည်။ ယနေ့ဖတ်ကြားမည့် စာတမ်းရှင် ဘာသာပြန်ဆရာတို့သည်လည်း လက်တွေ့ဘဝမှ အဆီအနှစ်ကိုထုတ်၍ မျိုးဆက်သစ်လူငယ်များကို တိုက် ကျွေးပါမည်။ အရောက်လှမ်းခဲ့ပါဟု ဖိတ်ခေါ်လိုပါသည်။

ယနေ့ ကျွန်တော်တို့လုပ်ဆောင်ရမည့်တာဝန်ကြီး တစ်ရပ်မှာ "ကမ္ဘာ့အမွေကို မြန်မာ့စာပေဖြင့်ရစေအံ့" ဆောင်ပုဒ်အပြင် "မြန်မာမှုအထွေထွေကို ကမ္ဘာ့စာပေဖြင့် ပေးစေအံ့" ကို ဖော်ဆောင်ရပေမည်။ ဤတာဝန်ကို မျိုးဆက်သစ်များက တာဝန်ယူသွားရန်သာရှိပါသည်။

မျိုးဆက်သစ် ဘာသာပြန်လူငယ်များ မွေးထုတ်ပေးရေးကို အတိအလင်းတိုက်တွန်းခဲ့သည့် ဘာသာပြန်စာပေ ဖခင်ကြီး တစ်ဦးဖြစ်သည့် ဆရာကြီးသခင်ဘသောင်း၏ အောက်ပါတိုက်တွန်းချက်ဖြင့် ဤဆောင်းပါးကို အဆုံးသတ်လိုပါသည်-'

" သီးနှံကောင်းများကို စားသုံးလိုလျှင် အလေ့ကျ ပေါက်သောအပင်ကိုချည်း အားကိုးနေ၍ မဖြစ်သည့်နည်းတူ ဘာသာပြန် ကောင်းသူများကို ခိုင်းစေအသုံးပြုလိုလျှင် အလေ့ကျပေါ်လာသော ဘာသာပြန်သူတစ် ယောက်ကောင်း၊ နှစ်ယောက်ကောင်း ကိုသာ အားကိုးမနေဘဲ ဝေဝေဆာဆာ၊ ဖောဖောလှိုင်လှိုင် သီးမည့်ပွင့်မည့် ဘာသာပြန် စိုက်ပျိုးခင်းကြီးတစ်ခုကို အချိန်မနှောင်းမီ တည်ထောင်ပေးရန် အချိန်တန်ပါပြီ.."

ဆရာကြီးသည် ဤစကားကို ၁၉၆၅ ခုနှစ်က သူ့စာတမ်းတွင် ထည့်သွင်းတိုက်တွန်းခဲ့သည်။ အစိုးရ အဆက်ဆက်က သူ့စကားကို အကောင်အထည်ဖော်ခဲ့လျှင် ယခုအခါ ကျွန်တော်တို့နိုင်ငံတွင် မျိုးဆက်သစ် ဘာသာပြန်ပန်းများ ဝေဆာဖူးပွင့်နေလောက်ပြီထင့်။

ကျွန်တော်တို့မတိုင်မီက ဘာသာပြန်စာပေ ပညာရှင်ကြီးများသည် ကမ္ဘာ့အခြေအနေကို မြန်မာ့စာပေ ဖြင့် ရယူနိုင်အောင် အမွေပေးခဲ့သည်။ ယခု ထိုပညာရှင်ကြီးများ မရှိတော့။ ယနေ့ရှိနေသော ဘာသာပြန်စာပေ ပညာရှင်များသည်လည်း ဘဝနေညိုချိန်သို့ရောက်နေပြီ။ ထိုသူတို့သည် မျိုးဆက်သစ်များကို လက်လှမ်း၍ ကမ်းလင့်နေကြသည်။ ထိုလက်ကို အမိအရဆွဲကြရမည် ကား မျိုးဆက်သစ်တို့၏ တာဝန်ပင်။

(စာကိုး။ ။ စာပေဗိမာန်စာတမ်းများတစေ့ တစောင်း၊ ယမင်း၊ ၂၀ဝ၇၊ စာပေဗိမာန်)