နေပြည်တော် ဇန်နဝါရီ ၂၀
မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား အသက်(၁၈)နှစ်အောက်နှင့် အသက် (၂၅)နှစ် အောက် ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်အားကစားကွင်းရှိ နေပြည်တော် အားကစားရုံ၌ ကျင်းပသည်။
မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘော(အမျိုးသား) ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များအဖြစ် အသက်(၁၈)နှစ်အောက် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် စည်ပင်ကြီးအသင်းနှင့် ဇမ္ဗူတက်လူအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဇမ္ဗူတက်လူအသင်းက စည်ပင်ကြီးအသင်းကို (၃)ပွဲ၊ (၂)ပွဲ ဖြင့်လည်းကောင်း၊ အသက်(၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲတွင် ဇေယျာလူငယ်အသင်းနှင့် တပ်ကုန်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဇေယျာလူငယ်အသင်းက တပ်ကုန်းအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ လူမှုရေးအသင်း အတွင်းရေးမှူး ဦးဇော်လွင်ဦး က အသက်(၁၈)နှစ်အောက် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသည့် ဇမ္ဗူတက်လူအသင်းမှ မောင်တင်ထွေးအောင် ၊ လူမှုရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူဇော် က စတုတ္ထဆုရရှိသည့် လယ်ဝေးအသင်း၊ လူမှုရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ကြည်ကြည်အေး က တတိယဆုရရှိသည့် တပ်ကုန်းအသင်း ၊အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ဒုတိယဆုရရှိသည့် စည်ပင်ကြီးအသင်း ၊ လူမှုရေးအသင်းဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးတို့က ပထမဆုရရှိသည့် ဇမ္ဗူတက်လူအသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု များနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေ က အသက်(၂၅)နှစ်အောက် ဘော်လီ ဘော(အမျိုးသား)ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် ဇေယျာလူငယ်အသင်းမှ မောင်သော်လွင်အောင် ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက စတုတ္ထဆုရရှိသည့် ဇမ္ဗူတက်လူအသင်း ၊ နေပြည်တော် ကောင်စီ အဖွဲ့ဝင်၊ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုး က တတိယဆုရရှိသည့် လယ်ဝေး (က)အသင်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ဒုတိယဆုရရှိသည့် တပ်ကုန်းအသင်းကို လည်းကောင်း၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့က ပထမဆုရရှိသည့် ဇေယျာလူငယ် အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်