မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) ၌ သင်ကြားခွင့်ရမည့် ကစားသမား စာရင်းထုတ်ပြန်

မေ  ၂၇ 

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) ၌ သင်ကြားခွင့်ရမည့် ကစားသမားစာရင်းထုတ်ပြန်လိုက်ပြီး စုစုပေါင်း ၇၇ ဦး တက်ရောက်ခွင့်ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယူ-၁၃၊ ယူ-၁၄ နှင့် ယူ-၁၅ သက်တမ်းများအတွက် ရွေးချယ်ခဲ့ပြီး ယူ-၁၃ သက်တမ်းတွင် ၂၉ ဦး၊ ယူ-၁၄ သက်တမ်းတွင် ၂၅ ဦး၊ ယူ-၁၅ သက်တမ်းတွင် ၂၃ ဦးတို့ ပါဝင်ကြသည်။ 

 

ရွေးချယ်ခံရသည့် ကစားသမားများမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားမှ ကစားသမားများ ပါဝင်ပြီး ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ကချင်၊ ရှမ်း၊ နေပြည်တော်၊ မွန်၊ ပဲခူးတို့မှ ရွေးချယ်ခံခဲ့ရသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းနှင့် အကယ်ဒမီကျောင်းများကို ဘယ်လ်ဂျီယံလူမျိုး အဲရစ်အာဗရန်က အဓိကဆောင်ရွက်နေခြင်းဖြစ်ပြီး ကစားသမား ရွေးချယ်မှုအပါအဝင် လူငယ်စီမံကိန်းများကို လူငယ်ဖွံ့ဖြိုးရေးဒါရိုက်တာ ဦးညီညီလတ်ကလည်း ဦးဆောင် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လက်ရှိတွင် မန္တလေး၊ ရန်ကုန်နှင့် ပုသိမ်မြို့တို့၌ အကယ်ဒမီများ ဖွင့်လှစ်ထားပြီး လူငယ်ကစားသမားကောင်းများ ထွက်ပေါ်လာစေရန် လေးနှစ်စီမံကိန်း ချမှတ်ဆောင်ရွက်လျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ