မြန်မာ့ဘောလုံးလောကကို စောင့်ကြိုနေသည့် အာရှအဆင့် အမျိုးသမီးခြေစစ်ပွဲများ

၂၉ မတ်

၂၀၁၉ ခုနှစ် ပထမလေးလတာကာလသည် မြန်မာ့ဘောလုံးလောကအတွက် စိန်ခေါ်မှုများစွာရှိခဲ့သလို နိုင်ငံတကာပြိုင်ပွဲများစွာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဧပြီလတွင်လည်း မြန်မာ့ဘောလုံးလောကကို စောင့်ကြိုနေသည့် အာရှအဆင့်အမျိုးသမီးခြေစစ်ပွဲများရှိနေပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အိုလံပစ်အမျိုးသမီးဘောလုံး အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲနှင့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲတို့ဖြစ်သည်။

 

အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲကို ဧပြီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စုပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားပြီး မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ 

 

ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စုသုံးခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) ၌ ပါဝင်နေကာ အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှားအသင်းတို့နှင့် ကျရောက်နေသည်။ 

 

ခြေစစ်ပွဲ အုပ်စုပွဲများကို ဧပြီ ၃၊ ၆၊ ၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဧပြီ ၃ ရက်တွင် နီပေါအသင်းနှင့် စတင်ကစားရမည်ဖြစ်ကာ ဧပြီ ၆  ရက်တွင် အင်ဒိုနီးရှားအသင်း၊ ဧပြီ ၉ ရက်တွင် အိန္ဒိယအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။ 

 

ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးက ကိုင်တွယ်နေပြီး ပဏာမကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ 

 

အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီသာ တတိယအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ပွဲတိုင်းရလဒ်ကောင်းရန် လိုအပ်နေသည်။ 

 

သင်္ကြန်အပြီး ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲမှာ ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီး ဒုတိယအဆင့်ခြေစစ်ပွဲဖြစ်ပြီး ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

 

ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စု နှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် သြစတြေးလျ၊ ဥဇဘက်ကစ္စတန်၊ နီပေါတို့နှင့် ကျရောက်နေသည်။ ယင်းခြေစစ်ပွဲကိုလည်း မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဧပြီ ၂၆  ရက်တွင် ဥဇဘက်ကစ္စတန်၊ ဧပြီ ၂၈ ရက်တွင် သြစတြေးလျ၊ ဧပြီ ၃၀ ရက်တွင် နီပေါအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သောကြောင့် မြန်မာအမျိုးသမီးအသင်းအနေဖြင့် အခွင့်အရေးရှိနေသည်။ ယင်းအသင်းကို ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး ပဏာမကစားသမား ၃၀ ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

 

မြန်မာအသင်းများအနေဖြင့် ယခုနှစ်ဆန်းပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်မကောင်းသေးသောကြောင့် ဧပြီတွင်ကစားမည့် အမျိုးသမီးခြေစစ်ပွဲများမှာ အရေးပါလျက်ရှိပြီး လက်ရွေးစင်အသင်းက တတိယအဆင့်တက်ရန်၊ ယူ-၁၉ အသင်းက ခြေစစ်ပွဲအောင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်