၃၀  နိုဝင်ဘာ

“ဆရာ ‘မြန်မာစာမပေါ်ခင်ကရော ငါးရာ့ငါးဆယ်နဲ့ ဇာတ်ကြီးဆယ်ဘွဲ့ကို တခြားဘာသာ စကားနဲ့ ရေးတာတွေ မရှိဘူးလား”

“ရှိတာပေါ့။ အာနန္ဒာဘုရားမှာ မွန်ဘာသာနဲ့ ရေးထိုးထားတဲ့ စဉ့်ကွင်းတွေဟာ ထင်ရှားတဲ့ သာဓကတစ်ခုပဲ”

“ဟုတ်ကဲ့၊ ပြောပြပါ ဆရာ”

“စဉ့်ကွင်းဆိုတာ စဉ့်ရည်သုတ်ထားတဲ့ အုတ်ချပ်တွေလေ။ အဲဒီမှာ ရုပ်ကြွင်းတွေနဲ့ ပုံဖော်ထားတာ။ အာနန္ဒာစဉ့်ကွင်းတွေမှာ ငါးရာ့ငါးဆယ်၊ အမှတ်စဉ် ၁ တပဏ္ဏကဇာတ်ကနေ အမှတ်စဉ် ၅၃၇ မဟာသုတသောမဇာတ်အထိ ဇာတ်တော်တွေကို စဉ့်ကွင်းတစ်ခုစီနဲ့ပဲ ပုံဖော်ထားတယ်။ ဇာတ်တော်ထဲက ထင်ရှားတဲ့အကြောင်းတစ်ခုကို ပုံတစ်ပုံနဲ့ သရုပ်ဖော်ပြီး အောက်ကဇာတ်နာမည် ရေးထားတာလေ”

“ဟုတ်ကဲ့ပါ”

“အဲ- ဇာတ်အမှတ်စဉ် ၅၃၈ တေမိယ ဇာတ်ကနေ ၅၄၇ ဝေဿန္တရာဇာတ်အထိ ဇာတ်ကြီးဆယ်ဘွဲ့ကိုတော့ ဇာတ်တစ်ဇာတ်ကို စဉ့်ကွင်းတော်တော်များများနဲ့ ပုံဖော်ထားတယ်ကွဲ့။ ဇာတ်ရည်လည်တာပေါ့ကွယ်။ လေ့လာကြည့် ရင် စိတ်ဝင်စားစရာကောင်းပါတယ်”

“ဟုတ်ကဲ့ပါ”

“နောက် ရာဇာကုမာရ်ရဲ့ကောင်းမှု၊ မြင်းကပါ ဂူပြောက်ကြီးဘုရားမှာလဲ ငါးရာ့ငါးဆယ် ဇာတ်တော်တွေကို ပန်းချီရေးဆွဲပြီး မွန်ဘာသာနဲ့ မင်စာတွေရေးထိုးထားတာရှိတယ်ကွဲ့”

“အဲဒီ စဉ့်ကွင်းစာတွေ၊ မင်စာတွေကို ဘယ်စာအုပ်တွေမှာ လေ့လာနိုင်ပါသလဲ ဆရာ”

“အာနန္ဒာစဉ့်ကွင်းတွေကို အသေးစိတ် လေ့လာထားတဲ့ စာအုပ်ကတော့ အင်္ဂလိပ်လို ရေးထားတာ၊ ကိုလိုနီခေတ်အစောပိုင်းမှာ ပညာရှင်တွေက ရှေးဟောင်းမွန်ကမ္ပည်းစာတွေကို Epigraphia Birmanica ဆိုတဲ့ နာမည်နဲ့ အတွဲလိုက်တွေ ပြုစုထားတယ်။ Ananda Plaques ဆိုပြီး အာနန္ဒာစဉ့်ကွင်းတွေကို တစ်တွဲပြုစုထားတာပေါ့။ စဉ့်ကွင်းတွေကို အသေးစိတ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေရော၊ ဇာတ်တော် အကြောင်းရေးတဲ့ မွန်စာတွေရော၊ အင်္ဂလိပ်ဘာသာပြန်တွေရော၊ ရှင်းလင်းချက်တွေရော အပြည့်အစုံပါတယ်။ နှစ်အုပ်ခွဲထားတယ် ထင်တယ်။ လေ့လာသူတွေအတွက် အများကြီး အကျိုးရှိတာပေါ့”

“ဟုတ်ကဲ့ပါ”

“ဒီစာအုပ်တွဲတွေက ခုခေတ်မှာ‌ တော်တော် ရှားသွားပြီလေ။ စာကြည့်တိုက်ကြီးတွေမှာတော့ ရှိပါတယ်။ အဲ...အဲဒီ မွန်စဉ့်ကွင်းစာတွေကို မြန်မာဘာသာပြန်ထားတာကိုတော့ ‘လက်ရာစုံစွာ အာနန္ဒာ’ဆိုတဲ့ စာအုပ်မှာ လေ့လာနိုင်ပါတယ်။ ယဉ်ကျေးမှုဌာနက မင်းဘူးဦးအောင်ကြိုင် ပြုစု ထားတာလေ”

“ဟုတ်ကဲ့၊ ရှာပြီး လေ့လာကြည့်ပါမယ် ဆရာ”

“မြင်းကပါ ဂူပြောက်ကြီးဘုရားမင်စာတွေ ကိုလဲ အရင်က ဆရာကြီးဂျီအိပ်ချ်လုစ်အင်္ဂလိပ်ဘာသာနဲ့ရေးထားတာ အသေးစိတ်ရှိတယ်။ ‘သမိုင်းတံခွန်’စာစောင်မှာ ထင်တယ်။ နောက် ရှေးဟောင်းသုတေသနဌာနက ဦးကျော်ငြိမ်းပြုစု တဲ့ ‘ပုဂံမြို့ဟောင်း မြင်းကပါ ဂူပြောက်ကြီး ဘုရား’ဆိုတဲ့ စာအုပ်မှာလဲ လေ့လာနိုင်တယ်”

“အများကြီး ကျေးဇူးတင်ပါတယ် ဆရာ”

“ဒါက နမူနာအနေနဲ့ပြောတာပါ။ ဇာတက မင်စာတွေ၊ စဉ့်ကွင်းစာတွေ၊ တခြားအထောက် အထားတွေလဲ အများကြီးရှိတာပေါ့။ ဆိုလိုတာ ကတော့ ပါဠိပိဋကတ်စာပေမှာပါတဲ့ ဇာတက တွေကို ပုဂံခေတ်မှာ မြန်မာစာမပေါ်ခင်ကတည်းက မွန်စာ၊ ပါဠိစာတွေနဲ့ ရေးခဲ့ကြတယ်ဆိုတာပဲ။ မြန်မာစာပေါ်လာတဲ့အခါကျတော့ အဲဒီမွန်စာ၊ ပါဠိစာနဲ့ရေးထားတဲ့ မင်စာတွေ၊ စဉ့်ကွင်းစာ တွေဟာ မြန်မာစာနဲ့ရေးဖို့ ရှေ့ဆောင်လမ်းပြ နည်းယူစရာတွေ ဖြစ်လာတာပေါ့ကွယ်”

“နားလည်ပါပြီ ဆရာ”

“အဲ...အင်းဝခေတ် ၁၃ ရာစုကျတော့ မြန်မာ ဇာတကစာပေတွေ ထွန်းကားလာတာပေါ့ကွယ်။ ဆရာဇော်ဂျီရဲ့ အဆိုအမိန့်တစ်ခုကို ဒီနေရာမှာ ပြောချင်တယ်။ ဆရာက ဘယ်လိုမိန့်ဆိုသလဲဆိုရင် မြန်မာတွေဟာ မြန်မာစာပေလမ်းကြောင်းကို အရာထင်အောင်လုပ်နေကြဆဲမှာ လမ်းမကြီး သဖွယ်ဖြစ်တဲ့ ဗုဒ္ဓစာပေကို ရလာတဲ့အတွက် မိမိတို့ရဲ့ စာပေလမ်းကြောင်းကို ဗုဒ္ဓစာပေနဲ့ ချက်ချင်းဆောက်လုပ်ခဲ့ကြတယ်...တဲ့။ တစ်နည်း ပြောရရင် မြန်မာစာပေမှာ မြန်မာစာဆိုတွေရဲ့ ကိုယ်ပိုင်လမ်းကြောင်းရာ မထင်ရှားဘဲ ဗုဒ္ဓ စာပေနဲ့ဆောက်လုပ်တဲ့ လမ်းကြောင်းရာနဲ့သာ ထင်ရှားခဲ့တယ်...တဲ့”

“မှတ်သားစရာ သိပ်ကောင်းပါတယ် ဆရာ”

“ဗုဒ္ဓစာပေကြောင့် မြန်မာစာပေတစ်ဟုန်ထိုး ဖွံ့ဖြိုးလာတဲ့သဘောကို ဆရာက ညွှန်ပြထား တာလေ။ တို့ပြောနေတဲ့ ဇာတကစာပေကို ကွက်ပြောရရင် မြန်မာတွေဟာ ပါဠိဇာတက စာပေကို လေ့လာရတဲ့အခါ သိပ်သဘောကျပြီး အဲဒီပါဠိ ဇာတကစာပေတွေကို ကဗျာတွေ၊ စကား ပြေတွေ ပြန်ရေးကြတဲ့အတွက် အင်းဝခေတ်မှာ ဇာတကကိုအခြေခံတဲ့ ပျို့ကဗျာတွေ၊ တခြား ဗုဒ္ဓစာပေတွေကိုအခြေခံတဲ့ စကားပြေတွေ ဝေဝေဆာဆာ ပေါ်ထွက်လာတာပေါ့ကွယ်။ မြန်မာစာဆိုတွေ ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးဖွဲ့တဲ့ စာမျိုးတွေထက် ဗုဒ္ဓစာပေကိုအခြေခံတဲ့ စာမျိုး တွေက ပိုပြီးထင်ရှားလာရတာပေါ့”

“သဘောပေါက်ပါပြီ ဆရာ”

“ပါဠိဇာတကစာပေကို မြန်မာကဗျာပုံစံနဲ့ နှစ်သက်စွဲမက်စရာကောင်းအောင် စပြီးဖွဲ့တဲ့ စာဆိုကတော့ မင်းသိတဲ့အတိုင်း ရှင်မဟာရဋ္ဌ သာရဆိုတဲ့ ရဟန်းစာဆိုတော်ကြီးပဲကွဲ့”

“ဟုတ်ပါတယ် ဆရာ”

“ရှင်မဟာရဋ္ဌသာရက ‘ပျို့’လို့ခေါ်တဲ့ လေးလုံး စပ်ကဗျာရှည်ကြီးတွေနဲ့ ဇာတကဝတ္ထုတွေကို ပြန်ဖွဲ့တာ မဟုတ်လား။ ဆရာတော်ရဲ့ ပျို့တွေက ဘူရိဒတ်လင်္ကာကြီး၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ စတုဓမ္မသာရကိုးခန်းပျို့၊ သံဝရပျို့ဆိုတဲ့ ပျို့တွေ အားလုံး ဇာတက ကဗျာတွေချည်းပဲ”

“ဟုတ်ပါတယ် ဆရာ။ ကျွန်တော်လဲ ကျောင်းမှာတုန်းက သင်ခဲ့ဖူးပါတယ်”

“အဲဒီပျို့တွေအကြောင်းမပြောခင် ရှင်မဟာ ရဋ္ဌသာရပျို့ဖွဲ့တဲ့ ရည်ရွယ်ချက်ကို ကြည့်ရအောင်။ ဆရာတော်ကိုယ်တိုင် ဘူရိဒတ်ဇာတ်ပေါင်းပျို့မှာ ရေးခဲ့တာလေ”

“ဘယ်လိုရေးတာပါလဲ ဆရာ”

“ဆရာတော်က ပျို့ဖွဲ့တဲ့အခါ စာဖတ်သူတွေ ‘မှတ်လွယ်စေငှာ၊ သိသာစေချင်၊ နားဝင်စေ အောင်’ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ပါတယ်တဲ့။ နောက်ပြီးတော့ ‘ရှင်မှုလူမှု’ဆိုတဲ့ ဓမ္မရေးရာ၊ လောကရေးရာပါအောင်ဖွဲ့ပါတယ်...တဲ့။ အနု အကြမ်း အလေးအပေါ့ ညှိပြီးဖွဲ့ပါတယ်တဲ့။ စာဖတ်ပရိသတ်က အဲဒီပျို့တွေကို ဖတ်ရတဲ့အခါ ‘ပီတိရသာ၊ လင်္ကာချိုဆိမ့်၊ သည်းတွင်းငြိမ့်’ သွားအောင်ဖွဲ့ပါတယ်...တဲ့။ ဒါဟာ စာဆိုရဲ့ စာပေသဘောတရား စာပေဝါဒလို့ ဆိုနိုင်တာ ပေါ့ကွယ်”

“ဆရာပြောပြမှ ပိုပြီးသဘောပေါက်လာပါ တယ် ဆရာ”

“ဆရာတော်သုံးတဲ့ ‘ပီတိရသာ၊ လင်္ကာချိုဆိမ့်၊ သည်းတွင်းငြိမ့်’ဆိုတဲ့ စကားကို စဉ်းစားကြည့်ရင် စာဖတ်သူရဲ့ အသည်းထဲမှာ ချိုဆိမ့်တဲ့ ကဗျာ၊ လင်္ကာရဲ့ ပီတိအရသာခံစားရအောင် ဖွဲ့တယ်လို့ ဆိုလိုတာ မဟုတ်လား။ ဆရာတော်ရဲ့ ခေတ်တုန်း က ‘ရသစာပေ’ဆိုတဲ့ ဝေါဟာရ မပေါ်ပေါက်သေး ပေမဲ့ ဆရာတော်က ရသစာပေရဲ့အရသာကို ပီတိနဲ့ယှဉ်တဲ့ အရသာလို့ ဖွင့်ဆိုခဲ့တာ မှတ်သား စရာ သိပ်ကောင်းပါတယ်ကွယ်”

“ဟုတ်ပါတယ် ဆရာ”

“ပညာရှင်တွေ မိန့်ဆိုကြတဲ့ ရသစာပေရဲ့ ဂုဏ်အင်္ဂါကို ဆရာတော်က အင်းဝခေတ် ၁၃ ရာစုကတည်းက ဖွင့်ဆိုခဲ့တယ်လို့ ဆိုနိုင်တာ ပေါ့ကွယ်”

“မှန်ပါတယ် ဆရာ”

“နောက် စိတ်ဝင်စားစရာတစ်ချက်က ရှင်မဟာရဋ္ဌသာရဟာ ပထမဆုံး ပျို့ဖြစ်တဲ့ ဘူရိဒတ်လင်္ကာကြီးကို ရေးဖွဲ့တုန်းက အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ သာမဏေကလေးကွဲ့”

“ဪ”

“စဉ်းစားကြည့်ရင် ၁၆ နှစ် အရွယ်သာမဏေ ကလေးက အစဉ်အလာကြီးမားတဲ့ ပျို့စာပေ အစဉ်အလာကို ခုလိုစပြီး ထူထောင်လိုက်တယ် ဆိုတာ ဘယ်လောက်အံ့ဩစရာ၊ ချီးကျူးစရာ ကောင်းလိုက်သလဲကွယ်”

“ဟုတ်ပါတယ် ဆရာ”

“ရှေ့မှာ ဒီလိုစာပေမျိုးဖွဲ့ခဲ့တဲ့ အစဉ်အလာ မရှိဘဲ အစဉ်အလာသစ်တစ်ခု တည်ထောင်နိုင်တာ လေ။ ဘူရိဒတ်လင်္ကာကြီး ဆိုတာလဲ သိပ်ကောင်း တဲ့ လင်္ကာကြီးတစ်စောင်ပါ။ ဒါနဲ့ပတ်သက်ပြီး ဆရာကြီး ဒေါက်တာလှဘေက မှန်းဆချက် တစ်ခု မိန့်ကြားထားတယ်”

“ပြောပြပါ ဆရာ”

“ရှင်မဟာရဋ္ဌသာရရဲ့ နောင်တော် ဝရ စက္ကပါလ မထေရ်ဟာ သိင်္ဃိုဠ်၊ အဲ...သီဟိုဠ်ပေါ့၊ ခုတော့ သီရိလင်္ကာပေါ့။ အဲဒီ သိင်္ဃိုဠ်ကို ကြွပြီး သီတင်းသုံးခဲ့တာမို့ သိင်္ဃိုဠ်ရောက်ဆရာတော်လို့ ထင်ရှားတယ်လေ။ ဆရာတော်သိင်္ဃိုဠ်မှာရှိတုန်းက သူတို့ဆီမှာ ဇာတကတွေကို လင်္ကာရှည်ကြီးတွေ ဖွဲ့တဲ့ဓလေ့ ထွန်းကားနေတယ်တဲ့။ ဆရာတော်က အဲဒီအကြောင်းကို ညီဖြစ်သူသာမဏေကလေးကို ပြောပြတဲ့အတွက် စိတ်ကူးသစ်ရပြီး ပျို့ကဗျာ တွေ ရေးဖွဲ့တာ ဖြစ်နိုင်တယ်လို့ မှန်းဆတာ ပေါ့ကွယ်”။ ။

မောင်ခင်မင် (ဓနုဖြူ)