နေပြည်တော် မတ် ၈
ပညာရေးဝန်ကြီးဌာန၊ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စီမံကိန်းဆိုင်ရာလုပ်ငန်း အရည်အသွေး မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၁၃၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာစာအဖွဲ့ဝင်ဆရာကြီး ဆရာမကြီးများနှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြသည်။
ဉီးစွာ ဒုတိယဝန်ကြီး က သင်တန်းသို့ မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ပူးပေါင်း တာဝန် ထမ်းဆောင်လျက်ရှိကြသော ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ သင်တန်း သားဦးရေ ၉၀ တက်ရောက်ခဲ့ကြကြောင်း၊ သင်တန်း ပထမရက်တွင် NLP/ AI နည်းပညာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပါမောက္ခချုပ် ဒေါက်တာဝင်းပပက ကွန်ပျူတာဘာသာစကား လုပ်ငန်း စဉ်ဖြစ်သော NLP နည်းပညာများကို ရှင်းလင်းပို့ချ၍ သင်တန်းဒုတိယရက်တွင် စီမံကိန်း ဒါရိုက်တာနှင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများက ဉာဏ်ရည်တု (AI) နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး သင်တန်း တတိယရက်တွင် ဘာသာဗေဒလုပ်ငန်းကော်မတီဥက္ကဋ္ဌက ဘာသာဗေဒသဘောတရားနှင့် စီမံကိန်း လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ရှင်းလင်းပို့ချခဲ့သဖြင့် စီမံကိန်းတာဝန်ထမ်းဆောင်မည့်သူများ အနေဖြင့် စီမံကိန်းလုပ်ငန်းစဉ်ကို ပိုမိုသိရှိနားလည်ကာ လုပ်ငန်းခွင်အရည်အသွေး ပိုမိုတိုးတက်လာ စေသောကြောင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းဒါရိုက်တာ ဒေါက်တာတင်ဘုန်းကျော်က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးက မြန်မာစာအဖွဲ့ဝင်ဆရာကြီး၊ ဆရာမကြီးများနှင့် သင်တန်းနည်းပြဆရာကြီး၊ ဆရာမကြီးများကို ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)