နေပြည်တော် ၁၇ နိုဝင်ဘာ

မြန်မာဆယ်မာအူးလ်ဂွန်ဂို (ကျေးရွာငွေတိုက်) အွန်လိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC သင်တန်းခန်းမမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ ဆယ်မာအူးလ်ဂွန်ဂို အဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Park Cha Hoon က ပေးပို့သည့် အဖွင့်မိန့်ခွန်းကို Videoclip ဖြင့်ပြသပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ ဆယ်မာအူးလ်ဂွန်ဂိုအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သော  ကျေးရွာငွေစုဆောင်းခြင်းစနစ် တည်ထောင်ရေးစီမံကိန်း (Village Saving System Project) အရ တိုင်းဒေသကြီး/ပြည်နယ်များ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြန်မာဆေးမာအူးလ် (ကျေးရွာသစ်စီမံကိန်း) ကျေးရွာများတွင် ကျေးရွာငွေတိုက်ပေါင်း (၃၄)ခုကို တည်ထောင်ထားပြီး ဖြစ်သည်။ စီမံကိန်းဝင် ကျေးရွာမိသားစုများအနေဖြင့် မလိုအပ်သော အသုံးစရိတ်များကို ကိုယ်တိုင်လျှော့ချကာ ချွေတာသုံးစွဲပြီး ရရှိလာသော ငွေပိုငွေလျှံများကို ကျေးရွာငွေတိုက်၌ စုဆောင်းနိုင်ကြမည်ဖြစ်ကာ စုဆောင်းငွေကို ကျေးရွာငွေတိုက်ကော်မတီ၏ စီမံကြီးကြပ်မှုဖြင့် ကျေးရွာအတွင်း စီးပွားရေးလုပ်ငန်း ဆောင်ရွက်လိုသူ၊ ဝင်ငွေတိုးပွားရေးလုပ်ငန်း ဆောင်ရွက်လိုသူများ၏ လိုအပ်သော အရင်းအနှီးများကို ကျေးရွာငွေတိုက်မှ ထုတ်ချေးပေးသွားမည် ဖြစ်သည်။ ရရှိလာသည့် အကျိုးအမြတ်ကို အဖွဲ့ဝင် အသင်းသားများအား ပြန်လည်ခွဲဝေပေးခြင်း၊ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ဖြင့် ဖွံ့ဖြိုးမှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာငွေတိုက်များအား ဦးဆောင်နေကြသည့် ကျေးရွာခေါင်းဆောင်များ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ ကျေးရွာငွေတိုက် သင်တန်းများကို ၂၀၁၈ ခုနှစ်တွင်(၁) ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် (၂)ကြိမ် သင်တန်းပို့ချပေးခဲ့ရာ ကျေးရွာခေါင်းဆောင် (၁၉၀) နှင့် စိုက်ပျိုးရေးဝန်ထမ်း ကျေးရွာတာဝန်ခံ (၆၂)ဦးတို့ကို သင်တန်းပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ ကိုဗစ်ကာလ ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကြောင့် အွန်လိုင်းသင်တန်းအဖြစ် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းကျောင်း တာဝန်ခံ ဒေါက်တာညီညီထံမှ သိရသည်။

ယနေ့ ဖွင့်လှစ်သည့် (ကျေးရွာငွေတိုက်) အွန်လိုင်းသင်တန်းကို နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကိုရီယားသမ္မတနိုင်ငံ ဆယ်မာအူးလ် ဂွန်ဂိုအဖွဲ့ချုပ်မှ အကြီးတန်းမန်နေဂျာ မစ္စတာရှင်းဝူဂျုန်းက ကျေးရွာငွေတိုက် သဘောတရားများ ပို့ချသွားမည်ဖြစ်သကဲ့သို့  စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC သင်တန်းနည်းပြများက သက်ဆိုင်ရာ အကြောင်းအရာများအလိုက် ပို့ချဆွေးနွေးပေးသွားမည် ဖြစ်သည်။

သင်တန်းသို့ ကိုရီးယားသမ္မတနိုင်ငံ ဆယ်မာအူးလ်ဂွန်ဂို အဖွဲ့ချုပ် Executive director Mr. Lee Yong Woo ၊ Senior manager Mr. Sim Woo Jong ၊ AERDTC သင်တန်းကျောင်းတာဝန်ခံနှင့် သင်တန်းနည်းပြများ၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ စီမံကိန်းဝင်ကျေးရွာများမှ သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ညီညီသန်း (နေပြည်တော်)