နေပြည်တော် ၂၅ မတ်
အာရှဖောင်ဒေးရှင်းက မြန်မာနိုင်ငံတွင် မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း (Myanmar Business Environment Index - MBEI) စစ်တမ်းကောက်ယူခဲ့ခြင်းနှင့် တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာ့စီးပွားရေး ညွှန်းကိန်းများမှတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဒေသန္တရအုပ်ချုပ်ရေး ကျင့်သုံးမှု ကို စနစ်တကျ နှိုင်းယှဉ်လေ့လာနိုင်မည်ဖြစ်ပြီး အစိုးရလုပ်ငန်းများ ရင်းနှီးမြှုပ်နှံသူများက ဒေသန္တရစီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုနားလည် သဘောပေါက်နိုင်မည်ဖြစ်ကြောင်း၊ ဒေသန္တရအဆင့်တွင် မြန်မာ့စီးပွားရေးဝန်းကျင်အပေါ် သက်ရောက်မှုရှိနေသည့် အတား အဆီးအခက်အခဲများကို သိရှိပြုပြင်ပြောင်းလဲနိုင်မည့် အခွင့်အရေးများ ဖော်ထုတ်နိုင်ရန် အတွက် ဤစာတမ်းမှ တွေ့ရှိချက်များသည် မြန်မာနိုင်ငံအတွက် အသုံးဝင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် UK Department for International Development (DFID Myanmar) မှ Inclusive Growth Team ၏ အဖွဲ့ခေါင်းဆောင် Mr. Tom Cowarol က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် အာရှဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Dr. Mathew Arnold နှင့် အာရှဖောင်ဒေးရှင်းမှ အကြီးတန်းစီးပွားရေး ပညာရှင် ဦးကျော်သူတို့က မြန်မာနိုင်ငံစီးပွားရေးဝန်းကျင် ညွှန်းကိန်းစစ်တမ်းကောက်ယူခဲ့ ခြင်းနှင့် တွေ့ရှိချက်များကို ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
(သတင်းစဉ်)


