မြိတ်   ၂၁  ဧပြီ  

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြန်မာ့ စီးပွားရေးဘဏ် (မြိတ်)ဘဏ်ခွဲ၌ ဧပြီလ(၂၁)ရက် နံနက်ပိုင်းမှစတင်ကာ ပင်စင်လာရောက ထုတ်ယူ သူများအား  စနစ်တကျလက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် ကျန်းမာရေး စစ်ဆေးခြင်းနှင့် လူစုလူဝေး မဖြစ်စေရေး  ဆောင်ရွက်လျက်ရှိသည်။

 

 “ ပင်စင်စားတစ်ယောက် ဘဏ်ကိုရောက်လာပြီဆိုတာနဲ့ လက်ဆေးဖို့ စနစ်တကျလုပ်ပေးထားပါတယ်။ ပြီးရင် ကိုယ်အပူချိန်တိုင်းပါတယ်။ အလှည့်ကျစနစ်ဖြင့် ဝင်လို့ရအောင် တိုကင်ပေးတဲ့စနစ်ကို ကျင့်သုံးပါတယ်။ တုံကင်နံပါတ်အရခေါ်ပြီး စနစ်တကျတန်းစီတော့ ကွန်ပျူတာနဲဓာတ်ပုံရိုက်ခြင်း၊ ပြီးရင်ငွေထုတ်ပေးခြင်း လုပ်ပြီး စနစ်တကျ ပြန်လည်ထွက်ခွာနိုင်ဖို့ ဘဏ်ဝန်ထမ်းတွေနဲ့ ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ပေးပါတယ်။

 

 “လောလောဆယ် ရပ်ကွက်အလိုက်ထုတ်ယူဖို့ ဒေသအာဏာပိုင်နဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တို့ ကြေညာပြီး ဆောင်ရွက်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ခါတိုင်းလတွေမှာ လူတွေစုပြုံ ပေမယ့် အခုလမှာ စနစ်တကျ လာရောက်ထုတ်ယူခြင်းအားဖြင့် အရင်လကထက်မနည်း ပင်စင်စားများ ကို ထုတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုလက်ရှိ မနက်(၇)နာရီကတည်းကထုတ်ပေးနေတာ နေ့လယ် (၃)နာရီအထိ ပင်စင်စား(၅၀ဝ) ဦးခန့်ထုတ်ပေးနိုင်မှာဖြစ်ပါတယ် ဟု မြန်မာ့စီးပွားရေးဘဏ် (မြိတ်)ဘဏ်ခွဲ ခရိုင်မန်နေဂျာ ဦးထွန်းစိုးလွင်က ပြောသည်။

 

မြန်မာ့စီးပွားရေးဘဏ်(မြိတ်) ဘဏ်ခွဲ၌ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပင်စင်ထုတ်ပေးသည့် အချိန် တွင် လူစုလူဝေးမဖြစ်စေရန်၊ ဘဏ်အတွင်းအပြင် ပင်စင်စားများ နားနေနိုင်ရန်၊ လူစုလူဝေးမဖြစ်စေရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိကြောင်း၊ မြိတ်ဘဏ်ခွဲတွင် လစဉ်ပင်စင်လာရောက်ထုတ်ယူ သူ(၂၃၀ဝ) ကျော်ရှိကြောင်း၊ ပင်စင်ထုတ်ယူလိုသူများအနေဖြင့် ဧပြီလ(၂၁)ရက်မှ စတင်ကာ ဘဏ်ဖွင့်သည့် ရက်များ၌ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )