နေပြည်တော်   မတ်    ၁၀

မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ် ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံပိုင်ဘဏ်များအနက် အကြီးဆုံးဘဏ်ဖြစ်ပြီး နိုင်ငံအနှံ့တွင် ဘဏ်ခွဲပေါင်း များစွာဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေသည့် ဘဏ်ကြီးတစ်ဘဏ်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ဘဏ္ဍာငွေ အရင်းအမြစ်များကို တည်ဆဲဘဏ်ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုးမြှင့်စုစည်းပြီး စီးပွားရေးကဏ္ဍအသီးသီးအတွက် ချေးငွေများ ပံ့ပိုးပေးခြင်း၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးခြင်းတို့ဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် စီးပွားရေးမူဝါဒ ထိရောက်စွာ အကောင်အထည်ဖော်မှုကို အထောက်အကူပြုလျက်ရှိကြောင်း။ 

ယခုညှိနှိုင်းအစည်းအဝေးတွင်  ပြီးခဲ့သည့် ၆ လ ဘဏ္ဍာရေးနှစ်၏ လုပ်ငန်းဆောင်ရွက်မှုများမှ အားသာချက်နှင့် အားနည်းချက်များကို သုံးသပ်ဖော်ထုတ်ပြီး ဘဏ်ခွဲတစ်ခုချင်းအလိုက် ဘဏ်၏ မူဝါဒ၊ ရည်မှန်းချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုကို ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်ကြောင်း၊ အားနည်းချက်နှင့် အားသာချက်များကို အခြေခံ၍ လာမည့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပိုမိုပံ့ပိုး ဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း စီစဉ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများ စနစ်တကျရှိရေးနှင့် ငွေကြေး အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးအတွက် ဘဏ်ခွဲများအား ထိရောက်စွာ စစ်ဆေးကြီးကြပ် ဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက Non-Performing Loan (NPL) ကြွေးကျန်များ ကျဆင်းလာရေးနှင့် ထိရောက်စွာ ကောက်ခံရရှိရေး ကိစ္စများကို စဉ်ဆက်မပြတ် အလေးအနက်ထားပြီး ကြိုးပမ်း ဆောင်ရွက် ကြရန်လိုကြောင်း၊ ငွေကြေးအလွဲသုံးစားမှုများ၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ မဖြစ်စေရေးအတွက် ခရိုင်နှင့်မြို့နယ် ဘဏ်ခွဲများကို စီမံချက်နှင့်အညီ လစဉ်ထိရောက်စွာ ကြီးကြပ်စစ်ဆေး ဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ ဘဏ်ခွဲမန်နေဂျာများအနေဖြင့် လက်ရှိအခြေအနေတွင် ငွေသား ထုတ်ယူမှု များပြားပြီး အကန့်အသတ်ဖြင့် ထုတ်ပေးနေရခြင်းအပေါ် သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားလိုကြေင်း၊ ယခုအခါ ဘဏ်လုပ်ငန်းကဏ္ဍတွင် ငွေသား ထုတ်ပေးမှုများ ယခင်ကထက် ပိုမိုတိုးတက်လာသည့် အခြေအနေကောင်းတစ်ခုသို့ ထိန်းသိမ်း ဆောင်ရွက် လာနိုင်သည်ကို တွေ့ရကြောင်း၊ အခက်အခဲများကြားတွင် ဝန်ထမ်းများအားလုံး စုစည်းညီညွတ်စွာဖြင့် ကြံ့ကြံ့ခံ ရပ်တည်ပြီး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ခြင်းအား အသိအမှတ်ပြုပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုများရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဘဏ်လုပ်ငန်များကို digital စနစ်ဖြင့် ဆောင်ရွက်သည့် e-Payment နှင့် Online Banking များဖြင့် ဆောင်ရွက်မှုများကြောင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်သည်ကို တွေ့ရကြောင်း၊ ဆက်လက်၍လည်း ပိုမိုထိရောက်မှုရှိသည့် Core Banking စနစ်ကျင့်သုံး၍ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ဝန်ဆောင် မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း။

အချို့နယ်မြေဒေသများ၏ လုံခြုံရေးအခြေအနေအရ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းလုံခြုံရေး၊ ဘဏ်လုံခြုံရေး၊ ငွေသားလုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးများကို အထူးသတိထားပြီး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကြီးကြပ်သူဝန်ထမ်းများအနေဖြင့် အောက်ခြေဝန်ထမ်းများနှင့် မပြတ် ထိတွေ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း။

ပြည်သူ့ဝန်ထမ်းကောင်းများပီပီ ကိုယ်ချင်းစာစိတ်ဖြင့် ပြည်သူကိုအလုပ်အကျွေးပြုကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများက အားကိုးယုံကြည်စိတ်ချရသည့် မြန်မာ့စီးပွားရေးဘဏ်၏ ဂုဏ်သတင်းကို ပိုမိုမြှင့်တင် ပေးကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ မြန်မာ့စီးပွားရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ တာဝန်ခံမန်နေဂျာများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်