မောင်သန်းဝင်းရွှေ

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အာဆီယံဒေသနှင့် အရှေ့အာရှဒေသတို့ ပေါင်းကူးဆက်သွယ်ပေးနိုင်သည့်  အချက်အချာနေရာတွင် ရှိပြီး ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသော ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနိုင်ငံများနှင့် ဆက်စပ်မှုရှိနေ၍ ကျယ်ပြန့်သည့် ဈေးကွက်၊ ကြီးမားသည့် လုပ်သားအင်အားများရှိခြင်း၊ ပင်လယ်ထွက်ပေါက် ဆိပ်ကမ်းများ၊ ရေနက်ဆိပ်ကမ်းများ ဖော်ထုတ်နိုင်သည့် ပင်လယ်ကမ်းရိုးတန်းများ ရှိခြင်းအပြင် အဖိုးတန်ပြည်တွင်းမြစ်ကြောင်းများ တည်နေဟန်အရ ပင်ကိုစီးပွားရေး အခြေခံကောင်းသည့် နိုင်ငံတစ်နိုင်ငံဟု သတ်မှတ်နိုင်ပေသည်။

စက်မှုကဏ္ဍဖွံ့ ဖြိုးဆဲနိုင်ငံများ၏ အခက်အခဲများ

မြန်မာနိုင်ငံကို ခေတ်မီစက်မှုနိုင်ငံအဖြစ် ရပ်တည်နိုင်ရေး ရည်မှန်းချက်မှာ သမိုင်းအထောက်အထားများအရ ကုန်းဘောင်ခေတ်၊ ခေတ်လယ်အလွန် ခေတ်နှောင်းအစ ကာလကပင် စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ ခေတ်အဆက်ဆက် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုကို အခြေခံခဲ့သည်မှာလည်း အထင်အရှားဖြစ်သည်။ မျက်မှောက်ကာလ၏ မြန်မာ့စက်မှု ကဏ္ဍအတွက် ပင်မရည်မှန်းချက်မှာ “စိုက်ပျိုးရေးကို အခြေခံ သော စက်မှုလယ်ယာကဏ္ဍ ဖွံ့ ဖြိုးတိုးတက်စေခြင်းနှင့် အကြီး စားစက်မှုလုပ်ငန်းများ ထူထောင်နိုင်စေခြင်းဖြင့် စက်မှုထွန်းကားသော နိုင်ငံအဖြစ်သို့ တက်လှမ်းရန်” ဖြစ်ပေသည်။

မျက်မှောက်ကာလ၌ ကမ္ဘာ့စုစုပေါင်းစက်မှုကဏ္ဍ ထုတ်လုပ်မှုများအနက် စုစုပေါင်းထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ကမ္ဘာ့စက်မှုဖွံ့ ဖြိုးပြီး နိုင်ငံများက ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စက်မှုကဏ္ဍထုတ်လုပ်မှုမှာ ကမ္ဘာ့စက်မှုကဏ္ဍ ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့် သာ ရှိပေသည်။ ဤသို့သော ကွာဟမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် အရင်းအနှီးရရှိနိုင်မှု အင်အားနည်းပါးခြင်းမှာ အဓိကဖြစ်ပါ သည်။ ထို့ကြောင့်ပင် ကမ္ဘာ့စက်မှုဖွံ့ ဖြိုးပြီးနိုင်ငံများ ဖွံ့ဖြိုးမှု အဆင့်အတန်းကို ဖွံ့ဖြိုးဆဲနိုင်ငံများ လိုက်မီရန် ခဲယဉ်းနေခြင်းဟုဆိုက မမှားနိုင်ပေ။

မြန်မာ့စက်မှုကဏ္ဍ၏ လက်ရှိ ပြဿနာရပ်များမှာ ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း၊ အရည်အသွေး နှင့် ထုတ်လုပ်မှုနည်းပညာ နိမ့်ကျခြင်း၊ ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်စွမ်း မရှိခြင်း၊ ထိရောက်သော ရင်းနှီးမြှုပ်နှံမှု မပြုနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်းနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု အားနည်းခြင်းတို့ပင် ဖြစ်ပါသည်။ အဆိုပါ ပြဿနာရပ်များ၏ အရင်းအမြစ်ကို ဆန်းစစ်ပါက လယ်ယာထုတ်ကုန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်မှု နည်းပါးပြီး အခြေခံအဆောက်အအုံ မပြည့်စုံမှုနှင့် လူ့စွမ်းအားအရင်းအမြစ် မဖွံ့ ဖြိုးခြင်းများကြောင့်ပင် ဖြစ်ပါသည်။

ဦးစားပေးရမည့် ကာလတို၊ ကာလရှည် လုပ်ငန်းများ

မြန်မာ့စက်မှုကဏ္ဍ၏ စက်မှုလုပ်ငန်း အမျိုးအစားများမှာ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ စက်မှုလုပ်ငန်း၊ ဝတ်ရေး၊ နေရေးဆိုင်ရာ စက်မှုလုပ်ငန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု ဆိုင်ရာ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုသုံးကိရိယာ ထုတ်လုပ်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်မှု လုပ်ငန်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ စက်မှုလုပ်ငန်း များပင် ဖြစ်ပါသည်။ ပြည်တွင်းနှင့် ဒေသတွင်းယှဉ်ပြိုင်သော စက်မှုလုပ်ငန်းများအဖြစ် ရပ်တည်လာနိုင်ရန် ကာလတိုစီမံ ချက်ဖြင့် လုပ်သားအခြေပြု စက်မှုလုပ်ငန်းများ (Labour Intensive Industries)၊ အခြေခံစားသောက်ကုန်စက်မှုလုပ်ငန်း (Primary Commodities Production In-dustries)၊ နည်းပညာလိုအပ်ချက် နည်းပါးသော အခြေခံစက်မှုကုန်ထုတ်လုပ်ငန်း (Basic Manufacturing Ind-ustries without advanced Technology) စသည့် လုပ်ငန်းများ တည်ထောင်နိုင်ရေးကို ဦးစားပေးရမည်သာ ဖြစ်သည်။ ကာလရှည်အတွက်မူ အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်း (Advanced Technical Based Industries) နှင့် အခြေခံအဆောက်အအုံဆိုင်ရာ စက်မှုလုပ်ငန်းများ (Infrastructure Industries) ဖွံ့ဖြိုးရေးကို အဓိကရည်မှန်းချက် ထားရှိရန် ဖြစ်ပါသည်။ သို့မှသာ စီးပွားရေးချိန်ကိုက်မှု ပြုလုပ်ရာ၌ အားမျှခြေကိုရရှိပြီး ဒေသဆိုင်ရာဖွံ့ဖြိုးမှုနှင့် ကဏ္ဍဆိုင်ရာ ဖွံ့ ဖြိုးမှုများ ပေါ်ထွန်း၍ ရေရှည်တည်တံ့ခိုင်မြဲသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကို ဆောင်နှင်းနိုင်မည်ဖြစ်ပါသည်။ ဤသို့ အားမျှ ခြေရှိသော ဖွံ့ ဖြိုးမှုသည် တစ်ဦးချင်း ဝင်ငွေ နိမ့်ကျမှုကို ကာကွယ်ရုံသာမက လယ်ယာကဏ္ဍတွင် လုပ်သားများပြားနေမှုနှင့် ဦးနှောက်ယိုစီးမှု ဖြစ်မှုများကိုပါ သက်ရောက်မှု ရှိလာနိုင်မည် ဖြစ်ပါသည်။

ပြည်ပဈေးကွက်အတွက် အရေးကြီးသော ရေနက်ဆိပ်ကမ်းကဏ္ဍ

ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရေးတွင် အဓိကကျသော လိုအပ်ချက်မှာ နိုင်ငံတကာနှင့် ဆက်သွယ်နိုင်သော ဆိပ်ကမ်းများ ပေါ်ထွန်းမှုသည် အဓိကဖြစ်ပါသည်။ မျက်မှောက်ကာလသည် တိုးတက်ပြောင်းလဲလာပြီဖြစ်သဖြင့် နိုင်ငံတကာကုန်သွယ်ရေကြောင်း ဝန်ဆောင်မှုလုပ်ငန်းများမှာ ထိရောက်သော ပို့ဆောင်မှု တစ်ရပ်ဖြစ်လာသည်။ မြန်မာ့ပထဝီအနေအထားအရ စက်မှု လုပ်ငန်းများနှင့် နီးကပ်စွာ ဆောင်ရွက်နိုင်သော နိုင်ငံတကာနှင့် ဆက်သွယ်နိုင်သော ဆိပ်ကမ်းများမှာ-

(၁)ဥရောပ၊ အာဖရိကနှင့် အနောက်အာရှတို့မှ ကုန်သင်္ဘောများ ဆိုက်ကပ်နိုင်သော ကျောက်ဖြူရေနက် ဆိပ်ကမ်း၊

(၂)ဥရောပ၊ အာဖရိကနှင့် အနောက်အာရှတို့မှ ကုန် သင်္ဘောများ ဆိုက်ကပ်နိုင်သော ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နယ်၊ ပုသိမ်ရေနက်ဆိပ်ကမ်း၊

(၃)ထားဝယ်၊ ဗန်ကောက် (Bangkok) ၊ ဗီယန်ကျန်းနှင့် ဒါနန်းစီးပွားရေးစင်္ကြံတွင် အဓိကကျသည့် ထားဝယ် ရေနက်ဆိပ်ကမ်း၊

(၄)မော်လမြိုင်၊ မြဝတီ၊ မဲဆောက်၊ ထိုင်းနိုင်ငံသို့ နိုင်ငံ တကာကုန်စည်များ တင်ပို့နိုင်မည့် မွန်ပြည်နယ် ရေး ရေနက်ဆိပ်ကမ်းနှင့်

(၅)စီးပွားရေးမြို့တော် ရန်ကုန်မြို့အနီးရှိ သီလဝါဆိပ်ကမ်းများပင် ဖြစ်ပေသည်။ စက်မှုကဏ္ဍ တိုးတက်လာသည်နှင့်အမျှ ပို့ဆောင်ရေးအတွက် ဆိပ်ကမ်းဒေသ ဖွံ့ ဖြိုးတိုးတက်မှု (Habour Development) များ အရန်သင့်အနေအထား (Ready to Start-RTS) ဖြစ်နေမှုမှာ မြန်မာ့စီးပွားရေး မြှင့်တင်မှုအတွက် အထောက်အကူကောင်းများဟု ချီးမွမ်းခန်းထုတ်လျှင် မည်သူကမျှ ငြင်းမည်မဟုတ်သလို လူမှုရေးဖွံ့ ဖြိုးမှုများအတွက်ပါ ရေရှည်ခံစားနိုင်မည့် အကျိုးအမြတ်တစ်ရပ်ပင် ဖြစ်ပါသည်။

မြန်မာ့စက်မှုကဏ္ဍဖွံ့ ဖြိုးရေးမှသည် ရင်းနှီးမြှုပ်နှံမှု အခြေခံသည့် လုံးဝတည်တံ့သော စီးပွားရေးတိုးတက်မှု ရရှိရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၆) နှင့် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ(၂၀၁၄) တို့က နိုင်ငံခြား  တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ (FDI)များကိုပါ ဆွဲဆောင်မှုဖြင့် ဖိတ်ခေါ်နေလျက်ရှိပါသည်။ မျက်မှောက်ကာလ၌ One Stop Services Center(OSS) များဖြင့် အဆင့်ဆင့်ဆောင်ရွက်နေရသော လုပ်ငန်းစဉ်ကို ထိရောက်သည့် ကျော်ဖြတ်မှုပြုလျက် ရှိပါသည်။ ထို့အတူ Standard Operating Procedure  ကျင့်သုံး၍ လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်မည်ဟု ရင်းနှီးမြှုပ်နှံသူများက အထူးမျှော်လင့်နေကြပေသည်။

၁၉၅၉-၆၀ ခုနှစ် ရန်ကုန်မြို့သစ် စီမံကိန်းများ ချမှတ်စဉ်က အကောင်အထည်ဖော်ခဲ့သော စက်မှုလက်မှုရပ်ကွက်များမှာလည်း ယခုအခါ စက်မှုဇုန်များဟု ခေါ်တွင်လာကြသည်။ ၁၉၉၅ ခုနှစ် နောက်ပိုင်းကာလ၌ ဖော်ထုတ်ပြီး (ဖော်ထုတ်ဆဲအပါအဝင်)စက်မှုဇုန် ၂၄ ဇုန်တို့ ဖော်ထုတ်ခြင်းဖြင့် မြန်မာ့စက်မှုကဏ္ဍ ဖွံ့ ဖြိုး မှုကို အထောက်အပံ့ပြုလျက်ရှိပါသည်။

မြန်မာ့စက်မှုကဏ္ဍ ဖွံ့ ဖြိုးရေးအတွက် လိုအပ်ချက်ဖြစ် သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေကြေးအင်အား တောင့်တင်းမှုကို တည်ဆဲငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့်အညီ ဘဏ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး၊ Credit Guarantee System?Credit Rating System များ အလျင်အမြန် ပေါ်ထွန်း လာရေးကို ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်လည်း ပြေလည်အောင် ဖြေရှင်းကြရန် အထူးလိုအပ်လှပါသည်။

ဖြည့်ဆည်းပေးရမည့် စက်မှုဇုန်များဆိုင်ရာ ဥပဒေ

စက်မှုဇုန်များ ထူထောင်ထားပြီးဖြစ်သော်လည်း စက်မှုကဏ္ဍ အကျိုးပြုစက်မှုဇုန်များ ပေါ်ထွန်းရေးအတွက် စက်မှုဇုန်များဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်မှု ယနေ့အထိ မရှိသေးသည်ဖြစ်ရာ စက်မှုဇုန်များ၊ ဖွံ့ဖြိုးမှုအတွက် ကွက်လပ်တစ်ရပ် ဖြည့်ရန်လိုအပ်သည်ဟု ယူဆနိုင်ပေသည်။ တစ်နည်းဆိုရသော် ထိရောက်သော အကျိုးဆက်ဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးကို မစွမ်းဆောင်နိုင်သလိုပင် ဖြစ်နေပေသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ဥပမာကို တင်ပြရမည်ဆိုပါက Industrial Estate Authority of Tha-iland Act အရ စက်မှုဇုန်များကို The Industrial Estate Authority of Thailand (IEAT) မှ အုပ်ချုပ်ပါသည်။ IEAT သည် စက်မှုဇုန်အမျိုးအစားများ၊ စက်မှုဇုန်များအတွက် လိုအပ်ချက်များ၊ လွတ်လပ်သည့် ဇုန်များနှင့် မက်လုံးများ၊ တစ်နေရာတည်းတွင်ပေးသည့် ဝန်ဆောင်မှုများ၊ မြေနေရာ ရယူခြင်း စသည်တို့ကို စည်းမျဉ်း၊ စည်းကမ်းဖြင့် ထိန်းကျောင်း ပေးပါသည်။ ယင်း IEAT  သည် စက်မှုဇုန်များနှင့် ရင်းနှီးမြှုပ်နှံ သူများ နှစ်လိုဖွယ်စက်မှုကဏ္ဍဘက်စုံတိုးတက်ရေး၏ စေ့စပ်သေချာထိရောက်သော အကျိုးဆက်ရှိ စီမံခန့်ခွဲမှုစနစ်တစ်ရပ် ပင် ဖြစ်ပါသည်။

နိုင်ငံတကာ အတွေ့အကြုံအရ စက်မှုကဏ္ဍဖွံ့ ဖြိုးရေး အတွက် အခြေခံကျသော လိုအပ်ချက်မှာ အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ရေးဆိုင်ရာ (Infrastructure and Logestic) ပြည့်စုံမှု၊ လွတ်လပ်သော ကုန်သွယ်မှု၊ ကာလတို ကာလရှည် မြေပိုင်ဆိုင်မှုနှင့် မြေအသုံးချခွင့်ရရှိမှု၊ ပျော့ပျောင်းသော လုပ်ထုံးလုပ်နည်းနှင့် မြန်ဆန်သော ဝန်ဆောင်မှု၊ အကျိုးဆက်ရှိသော ဘဏ္ဍာရေး ထောက်ပံ့မှုစနစ်များသည် အဓိက ဖြစ်နေသည်ကို တွေ့ရှိနိုင်ပါသည်။

သဘာဝကပေးသော အားသာချက်များ

မြန်မာနိုင်ငံသည် သဘာဝပေးသော အခွင့်အရေးအရ အားသာမှုရှိနေရုံသာမက မဟာဗျူဟာကျသည့် တည်နေရာ အနေအထား၊ ပေါကြွယ်ဝသည့် သဘာဝသယံဇာတ အရင်းအမြစ်များရှိနေခြင်း၊ အလုပ်လုပ်ကိုင်သည့် လူဦးရေ ပမာဏ လုံလောက်စွာရှိခြင်း၊ အလားအလာရှိသော ပြည်တွင်းပြည်ပ ဈေးကွက်ရှိခြင်းစသော မြန်မာ့စီးပွားရေး စွမ်းရည်ဂုဏ်များနှင့် ပြည့်စုံလျက်ရှိပါသည်။ သို့ဖြစ်ရာ လက်ရှိအနေအထားတွင် အိမ်နီးချင်းအင်အားကြီး နိုင်ငံများနှင့်ဖွံ့ဖြိုးပြီး အာဆီယံနိုင်ငံများတွင် ထုတ်လုပ်မှုကုန်ကျစရိတ် (Production) များ မြင့်တက်လာခြင်း၊ အာဆီယံစီးပွားရေးအသိုင်းအဝိုင်း ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ထူးခြားသည့် ကမ္ဘာလုံးဆိုင်ရာ ဆက်စပ်၊ လှုပ်ရှားမှု၊ ဖြစ်စဉ်တိုးတက်မှုများဟူသော ထူးကဲသည့် အခွင့်အလမ်းများအရ မြန်မာ့စက်မှုကဏ္ဍ ဖွံ့ဖြိုးမှုရှေးခရီးမှာ စီးပွားရေးစွမ်း ရည်ဂုဏ်ဒြပ်နှင့် ထင်ဟပ်၍ တိုးတက်ရန်သာရှိသည်ဟု စီးပွားရေးဆန်းစစ်မှုရှုထောင့်မှ ကောက်ချက်ချရမည်ဖြစ်ပေသည်။

မြန်မာ့အလင်း