မန္တလေး ၁၈ မတ်
ယခုနှစ်သရက်သီးရာသီချိန်တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော စိန်တလုံးသရက်သီးတန်ချိန် ၁၂၀ဝ အားဝယ်ယူရန် သရက်ထွက်ရှိသည့်ဒေသများမှ သရက်စိုက်တောင်သူများနှင့် ဂျပန်နိုင်ငံ YUKIOK Myanmar Co.Ltd မှ စာချုပ်ချုပ်ထားကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်ထံမှ သိရသည်။
အဆိုပါ YUKIOK Myanmar Co.Ltd သည် မြန်မာနိုင်ငံရှိ သရက်သီးထွက်ရှိသည့်ဒေသများသို့ ကွင်းဆင်းကာ သရက်စိုက်တောင်သူများနှင့်တွေ့ဆုံ၍ ယခုနှစ် သရက်သီးရာသီချိန်တွင် ထွက်ရှိလာမည့် သရက်သီးများကို ဝယ်ယူရန်အတွက် နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆို ထားကြောင်း သိရသည်။
“မေလလောက်မှာထွက်ရှိလာမည့် သရက်သီးတွေကို စာချုပ်ချုပ်ဆိုဝယ်ယူတာပါ၊ စိန်တလုံးသရက်သီး တန်ချိန် (၁၂၀ဝ)ဝယ်ယူမှာပါ၊ သရက်စိုက်တောင်သူတွေ အနေဖြင့် ဝမ်းသာစရာသတင်းဖြစ်သလို အခွင့်အလမ်းတစ်ခု ပေါ်လာတာလည်းဖြစ်ပါတယ်၊ အဲဒီကုမ္ပဏီက တန်ချိန် တော်တော်များများ ဝယ်ယူမှာဖြစ်ပြီး ရန်ကုန်မှာ စက်ရုံဆောက်ကာ ဝယ်ယူတဲ့သရက်သီးတွေကို အနှစ်ထုတ်ပြီး နိုင်ငံခြားတင်ပို့သွားမည်ဖြစ်ကြောင်း၊ ယခုလမှ စတင်ပြီး မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် မြောင်းသစ်ကျေးရွာမှ သရက်ခြံ တောင်သူနဲ့ စတင်စာချုပ်ချုပ်ဆိုခဲ့ပါတယ်၊ ကျောက်ဆည်မြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ညောင်ပင်ဝန်းဒေသမှာလည်း သွားရောက် ချုပ်ဆိုနေပါတယ်၊ အခြား မြို့များမှ သရက်စိုက်တောင်သူတွေနှင့်လည်း သွားရောက်စာချုပ်ချုပ်ဆိုဖို့ရှိပါတယ်၊ နိုင်ငံတကာမှာ မြန်မာ့သရက်သီးကို မြည်းစမ်းကြည့်ခွင့်ရတော့မှာပါ”ဟု မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောပြသည်။
အဆိုပါ ကုမ္ပဏီမှ သရက်စိုက်တောင်သူများနှင့်သရက်သီးဝယ်ယူရန် နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုရာတွင် သတ်မှတ်ထားသော ဈေးနှုန်းနှင့် အလေးချိန်တို့မှာ 200gm မှ 250gm အတွင်း ငွေကျပ် လေးသိန်းခွဲ၊ 251gm မှ 300gm ငွေကျပ်လေးသိန်းရှစ်သောင်း၊301gm မှ 380gmအတွင်း ငွေကျပ်ခြောက်သိန်းသုံးသောင်း၊ 381gm မှ 450gmအတွင်း ရှစ်သိန်းတစ်သောင်းနှင့် 451gm နှင့်အထက် ငွေကျပ်ကိုးသိန်းဖြင့် သရက်သီးအရွယ်အစား ပေါ်မူတည်၍ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်မှာ ထူးခြားတာက သရက်ခြံတောင်သူတွေက အိတ်စွပ်စရာမလိုတဲ့အတွက် အလုပ်သမားခနဲ့ အိတ်ဖိုး သက်သာသွားမယ်၊ တရုတ်ဈေးကွက်သွားမယ့်အဖွဲ့ကလည်း သွားဖို့ပြင်ဆင်နေပါတယ်၊ ဒီနှစ်တော့ ဂျပန်နိုင်ငံမှ ကုမ္ပဏီမှ ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုလာတဲ့အတွက် သရက်စိုက်တောင်သူတွေ လမ်းကြောင်းတစ်ခု ထပ်တိုးလာတဲ့အတွက် ဝမ်းသာစရာပါ”ဟု ၎င်းက ဆက်လက်ပြောပြသည်။
တောင်သူတွေအနေဖြင့် အိတ်စွပ်ဈေးကတစ်မျိုး၊ အိတ်မစွပ်ဈေးက တစ်မျိုးဖြစ်သွားမည်ဖြစ်သည်။ ယခင်က အိတ်စွပ်မှ တန်းဝင်သော်လည်း အခုအိတ်မစွပ်ဘဲနဲ့ တန်းဝင်သည့်အတွက်ကြောင့် တောင်သူတွေအတွက် သရက်သီး ဈေးကွက် အနေအထား ပိုကောင်းလာပြီး အခွင့်အလမ်းများ ပိုကောင်းလာမည်ဖြစ်ကြောင်း သိရသည်။
သရက်စိုက်တောင်သူများအနေဖြင့် အခွင့်အလမ်းများကို ရေရှည်တွေးပြီး မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ယုံကြည်မှုရှိအောင် လုပ်ဆောင်ဖို့လိုပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် ယုံယုံကြည်ကြည်နဲ့ လုပ်ဆောင်ရင် ရှေ့ဆက်ပြီးတော့ မြန်မာ့သရက်သီးတန်ဖိုးမြင့်လာတော့မှာပါ၊ အဆိုပါ ကုမ္ပဏီမှ သရက်သီးများ ဝယ်ယူလာတဲ့အပေါ်မှာ သရက်စိုက်တောင်သူများအနေဖြင့် အရည်အသွေး ပြည့်မီသော သရက်သီးများသာ ရောင်းချစေလိုကြောင်း၊ အကယ်၍ အရည်အသွေးမကောင်းတဲ့ သရက်သီးများနှင့် တခြားသရက်သီးများ ညှပ်လိုက်ပါက နောက်နှစ်များတွင် လာရောက်ဝယ်ယူမှု ခက်ခဲသွားမည်ဖြစ်ကြောင်း၊ တစ်နှစ်ထဲနဲ့လန်သွားရင် နောက်နှစ်တွေမှာ ဈေးနှိမ်တာတွေ၊ ဈေးလျှော့ဝယ်တာတွေဖြစ်လာနိုင်ကြောင်း၊ စိန်တလုံး သရက်ဆိုရင် စိန်တလုံးသရက်ပဲ မှန်မှန်ကန်ကန် ရောင်းချစေလို ကြောင်း ၎င်းက ပြောကြားသည်။
သရက်သီးရောင်းချသည့်တောင်သူများသည် ရာသီဥတုဆိုးရွားမှုကြောင့် သီးနှံပျက်မှုမှ လွဲ၍ (ဥပမာ မိုးသီး ကြွကျေခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း) မိမိတို့ သဘောတူထားသည့် စာချုပ်အတိုင်း သတ်မှတ်ထားသော သရက်သီးတန်ချိန်ကို သတ်မှတ်ရက်အတွင်း ပြည့်မီအောင် ရောင်းချရမည်ဖြစ်ကြောင်း၊ မရောင်းချနိုင်ပါက နောင်အခါတွင် ဝယ်ယူခွင့်လျှော့ချခြင်း(သို့) ဝယ်ယူခွင့်ရုပ်သိမ်းခြင်းတို့ကို သရက်သီး ဝယ်ယူသူက ဆုံးဖြတ်နိုင်ကြောင်း သိရသည်။
မြန်မာ့သရက်ဈေးကွက်တွင် စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက် စသည့်သရက်သီးအမျိုးအစားကိုသာ ပြည်ပနိုင်ငံများမှ အများဆုံးဝယ်ယူမှုရှိကြောင်း သိရပြီး ယခုနှစ်သရက်ရာသီချိန်တွင် စိန်တလုံးသရက်အား ဝယ်ယူရန် ဂျပန်ကုမ္ပဏီတစ်ခုမှ စာချုပ်ချုပ်ဆိုလျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


