နေပြည်တော်၊ ဇန်နဝါရီ ၁၄

 

 “မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (Agriculture Development Strategy-ADS) ပြင်ဆင်ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး၊ စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ADS ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

 

ဉီးစွာ ဒုတိယဝန်ကြီးက ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ ကုန်ထုတ်စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှု စသည့် ရည်မှန်းချက် သုံးရပ်ဖြင့်မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (Agriculture Development Strategy-ADS) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းကို ဆောင်ရွက်ခဲ့မှုကြောင့် စားရေရိက္ခာနှင့် အာဟာရ ပြည့်ဝဖူလုံရေး၊ ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေး၊ လုပ်ကွက်ငယ်တောင်သူများ၏ ဝင်ငွေတိုးတက်ရေး၊ လယ်ယာသားငါးထုတ်ကုန်များ ယှဉ်ပြိုင်နိုင်စွမ်း အားမြင့်မားရေး၊ တောင်သူများ၏ ရပိုင်ခွင့်များရရှိစေခြင်းနှင့် ပိုမိုခိုင်မာစေခြင်း စသည့် အကျိုးကျေးဇူး များရရှိစေမည် ဖြစ်ကြောင်း။ 

 

နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် လမ်းညွှန်ချက်များ၊ အမျိုးသားမြေအသုံးချမှုကောင်စီ၊ ADS အကောင် အထည်ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်အညီ သက်ဆိုင်ရာ ဦးစီးဌာနများနှင့် တက္ကသိုလ်တို့မှ အဆိုပြုလုပ်ငန်းများအပေါ် အခြေခံ၍ ADS (၂၀၂၅-၂၀၃၀) (မူကြမ်း) ကို ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ADS ပါ ထပ်ဆင့်ရလဒ်၊ ချက်ချင်းရလဒ်များသည် ယခု လက်ရှိနှင့် နောင် နှစ်တွင် အမှန်တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများဖြစ်စေရန်၊ ခေတ်စနစ်နှင့် အညီဖြစ်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ပြင်ဆင်ရေးဆွဲပြီး ADS (၂၀၂၅-၂၀၃၀) (မူကြမ်း)အပေါ် သက်ဆိုင်ရာဌာနတစ်ခုချင်းအလိုက် အသေးစိတ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)